ဇွန် ၃
ပဲခူးတိုင်းဒေသကြီး ကရင်အမျိုးသားအစည်းအရုံးKNUထိန်းချုပ်နယ်မြေ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မဘီကြီးကျေးရွာအနီး ဇွန်လ၂ရက်နေ့ နေ့လယ်၁၂နာရီ မိနစ်၂၀တွင် စစ်ကောင်စီတပ်နှင့် KNLAတို့ ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးKNUမှ ထုတ်ပြန်ထားသည်။
“ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတာဗျ လက်နက်ကြီးတွေအများကြီး မြန်မာစစ်တပ်ဘက်က ပစ်နေတာ၊ ရွာနားတွေမှာ လက်နက်ကြီးတွေကျလို့ ကျနော်တို့ ကျည်လွတ်တဲ့နေရာကို ရှောင်နေရတယ်၊ ရွာသားတွေ ထိခိုက်တာ ရှိမရှိဆိုတာတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးမှ ပြောသည်။
စစ်ကောင်စီတပ် ခလရ-၂၀၊ ခမရ-၁၂၄၊ ခမရ-၄၃၉၊ ခမရ-၃၅၀ တို့နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး နှစ်ဘက် အထိအခိုက်အခြေနေကို လက်တလော မသိရှိရသေးပါ။
အဆိုပါတိုက်ပွဲကြောင့် အိမ်ခြေ ၃၇လုံးနှင့် လူဦးရေ ၁၄၃ ဦးရှိသည့် မဘီကြီးကျေးရွာသားများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ ဇွန်လ ၁ရက်နေ့မှ စတင်ပြီး သတ်မှတ်ထားသည့် အချိန်အတွင်းသာ သွားလာရမည်ဟု ကြေညာထားပြီး လယ်တဲများတွင် အစားအစာများထားခဲ့ခြင်း၊ ညအိပ်ခြင်းများမပြုလုပ်ရန် ညွှန်ကြားထားကြောင်းသိရသည်။
သံဆိပ်၊မင်းလမ်းနှင့် တုံးတံတားကျေးရွာအနီးရှိ စစ်ကောင်စီဂိတ်စခန်းများသည် ခရီးသွားပြည်သူများထံမှ ငွေကြေးများတောင်းခံနေပြီး ငွေကြေးပေးမှသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း သိရသည်။