မေလ ၂၉ ရက်
စစ်ကိုင်းတိုင်း အညာဒေသမှာရှိတဲ့ မြို့နယ်များနှင့် ကျေးရွာများကို စစ်ကောင်စီ တပ်များက နေ့စဉ်ဆိုသလို စစ်ကြောင်းထိုး ထိုးစစ်ဆင်လျက်ရှိပြီး ကျေးရွာများမှ လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများ အဆက် မပြတ်လုပ်ဆောင် နေခြင်းကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုး၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပေမယ့် စစ်ကိုင်းတိုင်း အညာဒေသက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်နေတဲ့ ဆရာ၊ ဆရာမ တွေကတော့ ဒေသခံကလေးငယ်တွေကို ပညာသင်ကြားပေးဖို့ ကြိုးစား လုပ်ဆောင်နေကြပါတယ်။ အဲဒီလို ပညာသင်ကြားပေးဖို့ CDM ဆရာ၊ ဆရာမတွေ အကောင်အထည်ဖော် လုပ်ဆောင်နေတာဟာ ဇန်နဝါရီလ ကတည်းကဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ ကနီ၊ယင်းမာပင်၊ မြိုင်၊ အရာတော် ၊ မင်းကင်း စတဲ့ဒေသတွေဟာ CDM ဆရာ၊ ဆရာမ အားကောင်းတဲ့ဒေသဖြစ်တယ်လို့လည်း သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကြားကာလပညာသင်ကြားရေးကို ကြိုးစား အကောင် အထည်ဖော်ပေးနေတဲ့ CDM ဆရာ၊ ဆရာမတွေဟာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အထဲကမှ ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အခက်ခဲများကို ကူညီဖြေရှင်းရင်း ပညာသင်ကြားပေးနေရတာပါ။ ကလေးငယ်တွေကိုပညာသင်ကြားရေး အပြင် ဝမ်းရေးအတွက်ပါ အခက်အခဲမျိုးစုံကို ရင်ဆိုင်ဖြေရှင်းနေရတဲ့ အကြောင်းအရာ တွေကို မေးမြန်းဖို့ရှိပါတယ်။
စစ်ကောင်စီအာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ အစောပိုင်းကတည်းက စတင်ပြီး CDM ပြုလုပ်ခဲ့တဲ့ စာသင်သက် ငါးနှစ်သက်တမ်းရှိပြီတဲ့ အထက်တန်းပြဆရာမ မစန္ဒာ ကို မေးမြန်းသွားမှာပါ။ ကျောင်းဆရာမ မစန္ဒာဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပညာရေးဝန်ကြီးဌာန လက်အောက်က တစ်ဆင့် အညာဒေသမှာရှိနေတဲ့ ဒေသခံ ကလေးငယ်တွေကို ပညာသင်ကြားပေးနေတာဖြစ်ပြီး လက်ရှိကြုံတွေ့နေရတဲ့ ကြားကာလ ပညာရေးနဲ့ စိန်ခေါ်မှု အခက်အခဲတွေအကြောင်းကို မဇ္ဈိမသတင်းဌာနရဲ့ သတင်းထောက်ကိုထွန်းထွန်းဝင်းက အခုလို မေးမြန်းထားပါတယ်။