ယူကရိန်း ခုခံသူများ လက်နက်ချ၍ မာရီယူပိုတိုက်ပွဲ အဆုံးသတ်ဟု ရုရှ ပြော 

ယူကရိန်း ခုခံသူများ လက်နက်ချ၍ မာရီယူပိုတိုက်ပွဲ အဆုံးသတ်ဟု ရုရှ ပြော 
Photo - Google

မေလ ၂၁ ရကိ

အဇော့စတဲလ် သံမဏိစက်ရုံမှ တပ်ဖွဲ့ဝင်များကို လက်နက်ချရန် ယူကရိန်းက အမိန့်ထုတ်လိုက်ပြီးနောက်တွင် မဟာဗျူဟာကျသော မာရီယူပိုမြို့အား သိမ်းပိုက်နိုင်ရေး လကြာရှည် စစ်ဆင်ရေး၌ အောင်ပွဲရရှိလိုက်ပြီဟု ရုရှက ကြေညာသည်။ 

မာရီယူပိုအား ရုရှ၏ တိုက်ခိုက်ခြင်းများတွင် သားဖွားဆေးရုံအား အသေအဆုံးများသော တိုက်ခိုက်ခြင်း အပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်သည်ဆိုသော စွပ်စွဲချက်များစွာလည်း ထွက်ပေါ်ထားခြင်း ဖြစ်ပြီး ဖမ်းဆီးရမိသော ရုရှစစ်သားများကို ယူကရိန်းက ဥပဒေကြောင်းအရ စတင်အရေးယူဆောင်ရွက်နေပြီ ဖြစ်သည်။ 

ရုရှစစ်သား တစ်ဦးအား စစ်ရာဇဝတ်မှုဖြင့် ကိယက်ဗ်တွင် ပထမဆုံး စစ်ဆေးကြားနာမှုသည် သောကြာနေ့၌ အထွဋ်အထိပ် ရောက်ခဲ့ပြီး အသက် ၂၁ အရွယ် တပ်ကြပ် ဗာဒင် ရှီရှီမာရင်းက ထိုးစစ်အစပိုင်း၌ လက်နက်မဲ့ အရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံသည်။ စီရင်ချက်ကို တနင်္လာနေ့တွင် ချမှတ်မည် ဖြစ်သည်။ 

‘အမှန်တကယ် စိတ်မကောင်း ဖြစ်မိကြောင်း’ ရှီရှီမာရင်းက တရားရုံးသို့ ပြောသည်။ သို့ရာတွင် ငယ်ရွယ်သော စစ်သား ရှီရှီမာရင်းသည် ကြိုတင်ကြံစည်သော လူသတ်မှုနှင့် စစ်ရာဇဝတ်မှုတို့အတွက် အပြစ်မရှိကြောင်း ၎င်း၏ ရှေ့နေက လျှောက်လဲထားသည်။ 

ယူကရိန်းအရှေ့ပိုင်းနှင့် တောင်ပိုင်း မာရီယူပိုမြို့တို့ကို ရုရှ၏ ထိုးစစ်များအား ယူကရိန်းတပ်ဖွဲ့ဝင်များက ခုခံနေခဲ့ရာ အညှာအတာကင်းသော တိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဖြစ်ပွားပေါ်ပေါက်ခဲ့သည်။ 

တိုက်ပွဲများသည် ၂၀၁၄ စတင်ပြီး ရုရှထောက်ခံသော ခွဲထွက်ရေးသမားများ တစ်စိတ်တစ်ပိုင်း  ထိန်းချုပ်ထားရာ ရုရှစကားပြောနယ်မြေဖြစ်သည့် အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတွင် ပိုမို ပြင်းထန်စွာ ဖြစ်ပွားနေသည်။ 

“ဒွန်ဘတ်စ်ကို တိုက်ခိုက်ရေး ကြိုးပမ်းမှုတွေ ဆက်လက်ဖြစ်ပွားနေတယ်၊ မာရီယူပိုအတိုင်းပဲ ဖျက်အားပြင်းပြင်းနဲ့ကို တိုက်ခိုက်နေတာ ဖြစ်တယ်”ဟု သောကြာနေ့ညပိုင်း ဗီဒီယိုမိန့်ခွန်း၌ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly