အီရန်နိုင်ငံတွင် အာဖဂန်ဒုက္ခသည်များ စော်ကားနှိပ်စက်ခံနေရသည် ဆိုသည့် သတင်းများနှင့်ပတ်သက်ပြီး ကဘူးလ်ဒေသခံ ဒါဇင်များစွာက ဧပြီ ၁၁ ရက်၌ အီရန်သံရုံးရှေ့တွင် စုဝေးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း Tolo News က ဖော်ပြသည်။
အီရန်အစိုးရအနေဖြင့် အာဖဂန်ဒုက္ခသည်များကို အတင်းအဓမ္မ ပြည်နှင်ဒဏ်ပေးမှုများကို ရပ်တန့်သင့်ကြောင်း ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်ဟု ယင်းသတင်းဌာနက ဖော်ပြသည်။
ထို့ပြင် အီရန်နိုင်ငံတွင် အာဖဂန်ဒုက္ခသည်များ ဒုက္ခပေးနှောင့်ယှက်ခံနေရမှုနှင့် အသတ်ခံရမှုများပင် ရှိနေသည်ဆိုသည့် ဖြစ်စဉ်များကို ပြသသည့် ဗီဒီယိုများကို သုံးသပ်လေ့လာရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHCR) ကို ဆန္ဒပြသူများက တိုက်တွန်းခဲ့သည်။
“အဲဒီမှာ အာဖဂန်နိုင်ငံသားတွေ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ကျွန်တော်တို့ ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ (အာဖဂန်တွေဟာ အီရန်မှာ ကြီးလေးတဲ့ ပြစ်မှုတွေမှာ ပါဝင်ပတ်သက်ထားခဲ့ပါတယ်) ဒါပေမယ့် အီရန်မှာ ဓားထိုးခံရသူတွေနဲ့ နှိပ်စက်ခံရသူတွေကို ကျွန်တော်တို့ ကူညီပံ့ပိုးသွားမှာပါ” ဟု လူငယ်ထုဆိုင်ရာ အပြုသဘောဆောင် ပြောင်းလဲမှု ဖောင်ဒေးရှင်း၏ ခေါင်းဆောင် မူစတာဖာ စတန်နက်ဇိုင်က ပြောကြားကြောင်း Tolo News က ကိုးကား ဖော်ပြသည်။
“ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ အာဖဂန်ဒုက္ခသည်တွေအပေါ် အီရန်အစိုးရရဲ့ ပြုမူဆက်ဆံမှုနဲ့ ပတ်သက်လို့ သုံးသပ်လေ့လာသင့်သလို ရန်မူစော်ကားခံရတဲ့ အာဖဂန်တွေအတွက် တရားမျှတမှု ရရှိစေရေး လုပ်ဆောင်သင့်ပါတယ်” ဟု လူငယ်ထုဆိုင်ရာ အပြုသဘောဆောင် ပြောင်းလဲမှု ဖောင်ဒေးရှင်း၏ ဒုတိယခေါင်းဆောင် အဗ္ဗဒူလ် ကူဒက် အမန်နီက ပြောကြောင်း Tolo News က ကိုးကား ဖော်ပြသည်။