မတ်လ ၁၈ ရက်
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးမင်းသူ တို့ကို ရွေးကောက်ပွဲ ကိစ္စနှင့် ပတ်သက်ပြီး စွပ်စွဲထားသည့် ပုဒ်မ ၁၃၀-က အမှုကို ယနေ့ မတ်လ ၁၈ ရက်တွင် နေပြည်တော်၌ ရုံးထုတ် စစ်ဆေးခဲ့သည်။
ယနေ့ စစ်ဆေးမှုတွင် တရားလိုပြ သက်သေဖြစ်သူ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဇော်သန်းသင်း ကို အဓိက စစ်မေးနှင့် ပြန်လှန် စစ်မေး ပြုလုပ်ခဲ့ပြီး စစ်ဆေးမှုများ ပြီးစီးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။
၎င်းက မဲဆန္ဒရှင်များ စာရင်း ပြည့်စုံ မှန်ကန်ရေး ကူညီပေးရေး အဖွဲ့ကို ဖွဲ့စည်းသည့် ကိစ္စ၊ ၎င်းအနေဖြင့် တာဝန်ရှိသည့် အတိုင်း စာထုတ်ပြန် ပေးခဲ့သည့်ကိစ္စတို့နှင့် ပတ်သက်ပြီး ထွက်ဆိုသွားကြောင်း သိရသည်။
ယင်းအမှုမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို မလျော်သြဇာ လွှမ်းမိုးသည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်မှူး ဦးအောင်မျိုးလွင် က တရားလို ပြုလုပ်ပြီး တရားစွဲခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုတွင် တရားလို ဦးအောင်မျိုးလွင် အပါအဝင် တရားလိုပြ သက်သေ ၂၂ ဦးရှိပြီး လက်ရှိ တရားလိုပြ သက်သေ သုံးဦးအထိ စစ်ဆေးပြီးစီးပြီ ဖြစ်ကာ စွဲချက် အမိန့်ကို မေလ ၂ ရက်နေ့တွင် ချမှတ်ရန် စီစဉ်ထားသည်။