မတ် ၁၀
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာ နယ်စပ်ရှိ ရိခေါ်ဒါရ်မြို့ အမှတ်(၂) ရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ စခန်းချထားသည့်နေရာကို သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးသွားကြောင်း ယမန်နေ့ မတ်လ ၉ရက်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်သည်။
“စခန်းအသစ်ချထားတဲ့ နေရာမှာ ရှိတဲ့ လုံခြုံရေးယူနေတဲ့ နေရာကို သွားပစ်ခတ်ခဲ့တာပါ။ နေရာမှာတင် ပွဲချင်းပြီး သေသွားကြတယ်” ဟု ချင်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (CNDF) ပြောရေးဆိုခွင့်ရှိသူ Cung Ngai ကပြောသည်။
မတ်လ ၇ရက် ညနေ ၃နာရီခန့်တွင် အင်အား ၃၀ခန့်ဖြင့် စခန်းချနေသည့် (၂၆၈) ခြေလျင်တပ်ရင်း အား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်မှ ပြန်လည် ပစ်ခတ်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စခန်းသည် မတ်လ ၁ရက်နေ့မှ စတင်ပြီး အခြေချတပ်စွဲထားသည့် စခန်းဖြစ်ကြောင်း၊ အခိုင်အမာ အခြေချတည်ဆောက်ထားကြောင်း၊ အလွယ်တကူ ဝင်ရောက်တိုက်ခိုက်ခြင်း မပြုလုပ်နိုင်ရန် ကြိုတင်စီစဉ် ဆောက်ထားခြင်းဖြင်ကြောင်း သိရသည်။
အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားနိုင်ပြီး ပြည်သူများအနေဖြင့် သတိဖြင့်နေထိုင် သွားလာကြရန် လိုအပ်ကြောင်း၊ စိုးရိမ်မလွန်ကြရန်နှင့် ၎င်းတို့ကာကွယ်ရေးတပ်ဖွဲ့ များအနေဖြင့် အတတ်နိုင်ဆုံး ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောသည်။
တိုက်ပွဲများ ဖြစ်ပွား၍ စစ်ရေးတင်းမာလျက်ရှိသောကြောင့် ရိခေါ်ဒါရ်မြို့နှင့် နယ်စပ်ချောင်းမှ ခေါ်မွိုင်းရွာ မှ ဒေသခံ ဦးရေ ၅၀၀၀ ခန့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုးခွားထာလ်ရွာ သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိုသည်။
မတ်လ ၅ရက် နံနက် ၅ နာရီ ၅၅ မိနစ် ကလည်း ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့နယ် ရှိ စစ်ကောင်စီတပ်ဖွဲ့စခန်းကို CNDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်းသိရသည်။