မတ် ၁
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ထံမှ ရွှေနှင့်ဒေါ်လာများ ရယူခဲ့သည်ဟု စွပ်စွဲပြီး တရားစွဲဆိုထားသည့် အမှု စွဲချက်တင်ကြောင်း တရားရုံးက ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက် ရုံးချိန်းတွင် အမိန့်ချခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး အပြစ်မရှိဟု ဒေါ်အောင်ဆန်းစုကြည်က လျှောက်လဲချက် ပေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။
စွပ်စွဲခံရသူဘက်က လိုပြသက်သေများ ဖြစ်သည့် ဦးဖြိုးမင်းသိန်း ၎င်း၏ဇနီး ဒေါ်ခင်မိမိကြွယ်၊ ဦးမောင်မောင်ကြည်နှင့် တရားလို ဦးရဲထက် တို့ကို ပြန်ခေါ် သက်သေအဖြစ် ခေါ်ယူထားပြီး လာမည့် မတ်လ ၇ ရက်နေ့ရုံးချိန်းတွင် အဆိုပါ ပြန်ခေါ်သက်သေ လေးဦးကို စစ်ဆေးမည် ဖြစ်သည်။
အဆိုပါ အမှုသည် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ခြောက်သိန်းနှင့် အကယ်ဒမီ အခေါက်ရွှေ ခုနှစ်ပိဿာ ပေးခဲ့ကြောင်း စွပ်စွဲ တရားစွဲဆိုထားသည့် အမှု ဖြစ်သည်။
ဦးဖြိုးမင်းသိန်းက ထိုသို့ ပေးခဲ့ရကြောင်း တရားလိုပြ သက်သေအဖြစ် ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့ ရုံးချိန်းတွင် သက်သေ ထွက်ဆိုခဲ့ပြီး ၎င်းထွက်ဆိုချက်မှာ "အဓိပ္ပါယ်မဲ့" ကြောင်း ဒေါ်အောင်ဆန်းစုကြည်က "all absurd" ဟု မှတ်ချက်ပေး ထားသည်။
ဇနီး ဒေါ်ခင်မိမိကြွယ်က ဦးဖြိုးမင်းသိန်း တောင်းဆိုသည့် အတွက် ဆိုင်မှရွှေများကို အခေါက်တုံးများ ပြုလုပ်ခဲ့ကြောင်း၊ အချို့ကို ရောင်းပြီး ဒေါ်လာ ဝယ်ပေးခဲ့ကြောင်း၊ ဦးဖြိုးမင်းသိန်း သွားပေးရာတွင် လိုက်ပါမသွားကြောင်း ရက်စွဲများ အတိအကျ မမှတ်မိကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့ ရုံးချိန်းတွင် သက်သေ ထွက်ဆိုခဲ့သည်။
အမှုနှင့် ပတ်သက်သည့် သက်သေခံ ပစ္စည်းဖြစ်သည့် ရွှေနှင့် ဒေါ်လာများကို တရားလိုဘက်က တရားရုံးသို့ တင်ပြနိုင်ခြင်း မရှိကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလက အမှုကို စတင် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ငါးလနီးပါး ကြာမြင့်ခဲ့ကာ လိုပြသက်သေ ကိုးဦး စစ်ဆေးပြီးစီးခဲ့ပြီး ဆက်လက် စစ်ဆေးရန် လိုပြသက်သေများ ကျန်ရှိနေသော်လည်း တရားရုံးက စွဲချက်လျှောက်လဲချက်ပေးရန် အမိန့်ချခဲ့သည့် အတွက် နှစ်ဖက် ရှေ့နေများက ပြီးခဲ့သည့် သောကြာနေ့ ရုံးချိန်းတွင် စွဲချက်လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။