ကျောင်းသားလက်ရုံးတပ်တော် အခြေခံ စစ်သင်တန်းဆင်းပွဲတွင် ဆု ၆ မျိုး ချီးမြှင့်

ဇန်နဝါရီလ ၇ ရက်

တက္ကသိုလ် ကျောင်းသားများသမဂ္ဂ တကသ ရဲဘော်များ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် ကျောင်းသား လက်ရုံးတပ်တော် အခြေခံ စစ်သင်တန်းဆင်းပွဲတွင် သင်တန်းသား ရဲဘော်များအား ဆု ခြောက်မျိုး ရွေးချယ်ချီးမြှင့်ကာ အောင်မြင်စွာ သင်တန်းဆင်းခဲ့ကြောင်း ယနေ့ ဇန်နဝါရီလ ၇ ရက်တွင် ထုတ်ပြန်သည်။

လွတ်မြောက်နယ်မြေ တစ်နေရာတွင် ပြုလုပ်ခဲ့သည့် စစ်သင်တန်းတွင် အောင်စစ်သည်ဆု၊ ဇွဲဆု၊ စစ်ရေးပြ အကောင်းဆုံးဆု၊ သက်လုံဆု၊ ကျန်းမာရေး အကောင်းဆုံးဆု၊ လက်ဖြောင့်ဆု ဟူ၍ ခြောက်ဆု အသီးသီး ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း ကျောင်းသား လက်ရုံးတပ်တော် ထူထောင်ရေးကာလ ဦးဆောင် ကော်မတီဝင် ကိုလင်းဆစ်က ပြောပြသည်။

“အောင်စစ်သည်ဆုကတော့ သင်တန်းတက်တဲ့ ကျောင်းသားတွေထဲ အကောင်းဆုံး၊ အတော်ဆုံး ဆိုတဲ့သူကို ပေးတဲ့ဆုပါခင်ဗျ။ သင်တန်းမှူးမှာက ကျောင်းသားတွေရဲ့ မှတ်တမ်း တစ်ခုချင်းစီရှိတယ်၊ အဲ့မှတ်တမ်းနဲ့ တိုက်ပြီးတော့ နောက်တစ်ခုက ကျောင်းသားတွေထဲကနေ အကောင်းဆုံး ကျောင်းသား သုံးယောက်နဲ့ အဆိုးဆုံး ကျောင်းသား သုံးယောက်ကို မင်းတို့ထင်တဲ့လူကို ငါ့ဆီ စာရင်းလာပေးဆိုပြီး၊ တစ်နည်းအားဖြင့် ပြောရမယ် ဆိုရင်တော့ ဒီမိုကရေစီ တန်ဖိုး စံနှုန်းတစ်ခုကို ကျွန်တော်တို့ ပြန်ပြီးယူတယ်။ အဲ့နှစ်ခုကို တိုက်ဆိုင်ဆုံးဖြတ် ပြီးတော့မှ ပေးပါတယ်။ ဆုံးဖြတ်တဲ့ အခါမှာလည်း သင်တန်းဆရာတွေပါ ပါဝင်ပြီး ဆုံးဖြတ်ပြီးမှ ဒီအောင်စစ်သည်ဆုကို ပေးတာပါဗျ” ဟု ထူထောင်ရေးကာလ ဦးဆောင်ကော်မတီဝင် ကိုလင်းဆစ်က မဇ္ဈိမအား ရှင်းပြသည်။

ကျန်ဆုများကိုမူ သင်တန်းမှူး၊ ဆရာ၊ ဆရာမများ ပူးပေါင်းဆုံးဖြတ်ကာ ရွေးချယ်ကြောင်း သိရသည်။

“ဇွဲဆု ဆိုလည်း ဒီတောက်လျှောက်မှာ လုံးဝမနားဘဲ တောက်လျှောက် လိုက်လုပ်တဲ့သူ။ နောက်ပြီး တစ်ချို့ အခြေအနေမှာ သူ့ရဲ့အခြေခံ ကျန်းမာရေးက အဆင်မပြေတာ၊ ခက်ခဲတာ၊ မကောင်းတာမျိုးရှိမယ်၊ မွေးရာပါ ခြေထောက် သိပ်မကောင်းတဲ့သူတွေ၊ နောက်ပြီး အရင်က ခြေထောက်ကျိုးဖူးတယ်၊ ပေါင်ရိုးနဲ့ပတ်သက်ပြီး ပြဿနာရှိဖူးတယ်၊ ဒါပေမယ့် သူတို့က ဒီသင်တန်း တောက်လျှောက်မှာ ဘယ်ရက်မှ မနားဘဲ သူတို့ လုပ်နိုင်တဲ့ဟာကို အကောင်းဆုံး သူတို့လုပ်ခဲ့တယ်။ လုပ်နိုင်တာထက် ပိုတဲ့ဟာလည်း သူတို့လုပ်ခဲ့တယ်။ PT ပြေးတာကအစ သူတို့ နာနေတယ် ဆိုရင်တောင် ထော့နဲ့ ထော့နဲ့နဲ့ ရအောင်ပြေးနေသေးတယ် နောက်ဆုံး အချိန်ထိ။ ဒီလိုလူတွေ သုံး လေးယောက် ရှိတဲ့ထဲမှာမှ သူတို့ပြန်ရွေးပြီး အကောင်းဆုံး တစ်ယောက်ကို ပေးတာပါ” ကိုလင်းဆစ်က ဇွဲဆု ရွေးချယ်ပုံအကြောင်း ပြန်ပြောပြသည်။

ရက်ပေါင်း ၇၀ ကြာ လေ့ကျင့် သင်ကြားပြီးနောက် ဇန်နဝါရီလ ၅ ရက်နေ့တွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။

လက်ရှိ သင်တန်းသား အရေအတွက်နှင့် အပတ်စဉ်ကိုမူ လုံခြုံရေးအရ ထည့်သွင်း ဖော်ပြနိုင်ခြင်း မရှိပေ။

နောက်ထပ် အခြေခံ စစ်သင်တန်း အပတ်စဉ်သစ်အားလည်း မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ကိုလင်းဆစ် ကပြောသည်။

ကျောင်းသားလက်ရုံးတပ်တော်သည် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသ ရဲဘော်များ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် တပ်တော်ဖြစ်ပြီး ၂၀၂၁ ခုနစ် ဧပြီလ ၂၇ ရက်နေ့၌ ဦးဆောင်သူ ၂၂ ဦးဖြင့် စတင် တည်ထောင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။