ရှမ်းပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပါးဧကထောင်ချီနစ်မြုပ်မှုနှင့် တောင်ကျရေကြောင့် အိမ်နှင့်လူမျောပါ သေဆုံးမှုရှိ

သြဂုတ်လ ၁၃ ရက်

ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းမြို့နယ်အချို့တွင် ယခု သြဂုတ်လ ဒုတိယပတ်အတွင်းက မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံ မှုများဖြစ်ပေါ်နေပြီး ပျက်စီးဆုံးရှုံးမှုများ ရှိကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ သြဂုတ်လ ၁၃ရက်နေ့ နံနက်ပိုင်းက ကျိုင်းတုံမြို့နယ် ဝမ်ဆမ်(အခါ)ရွာတွင် တောင်ကျရေများ ကျဆင်းမှုကြောင့် နေအိမ်တစ်လုံးနှင့်လူသုံးဦး ရေတွင်မျောပါကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ ကြောင်းသိရသည်။

ထို့ပြင် ရေကြီးရေလျှံမှုများကြောင့် ဒေသခံပြည်သူများ၏ စပါးခင်းဧကထောင်ချီ နစ်မြုပ်ခဲ့ရပြီး ယမန်နေ့ သြဂုတ်လ ၁၂ရက်နေ့က မိုင်းပန်-မိုင်းတုံ လမ်းရှိတံတားတစ်စင်း နှင့် မိုင်းတုံ့မြို့နယ်အတွင်းရှိတံတားတစ်စင်း ရေထဲသို့မျောပါခဲ့သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်မြို့ နှင့် မိုင်းတုံမြို့တို့တွင် ရေကြီးရေလျှံမှု များဖြစ်ပေါ်နေသလို ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးမြို့ နှင့် မိုင်းပန်မြို့တို့တွင်လည်း ရေကြီးရေလျှံမှုများကို ကြုံတွေ့နေရသည်။

လက်ရှိတွင် ဒေသခံလူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီး မိုးများဆက်လက်ရွာသွန်းနေမှုကြောင့် ရေများထပ်မံတိုးလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။

စာတည်း။ ။မောင်ကောင်း