အာဏာသိမ်းစစ်တပ်နှင့် KNU အကြား တိုက်ပွဲကြောင့် ထိုင်းနိုင်ငံသား ရာချီ နေရပ်စွန့်ခွာခဲ့ကြရ

အာဏာသိမ်းစစ်တပ်နှင့် KNU အကြား တိုက်ပွဲကြောင့် ထိုင်းနိုင်ငံသား ရာချီ နေရပ်စွန့်ခွာခဲ့ကြရ
Photo: EPA/File

မေ ၃

မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်တပ်နှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထိုင်း-မြန်မာ နယ်စပ်အနီးတွင် ထိုင်းနိုင်ငံသား ၅၀၀ နီးပါးသည် ၎င်းတို့၏ ‌ကျေးရွာကို စွန့်ခွာပြီး ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြသည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့၀င်များက မယ်ဟောင်ဆောင်၏ ဆွတ်မွိုင် ခရိုင်အနီး တည်ရှိသည့် မြန်မာအာဏာသိမ်းစစ်တပ်တပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ချိန် ဧပြီ ၂၇ ရက်နောက်ပိုင်း ဘန်ဆမ်လဲ့ပ် ကျေးရွာမှ ဒေသခံ ၂၀၀ ခန့်သည် ဘန်ဟွေးခုန်ကတ်ရှိ ယာယီခိုလှုံရာစခန်းတစ်ခုတွင် နေထိုင်နေကြရသည်။

ထိုယာယီခိုလှုံရာစခန်းသည် ၎င်းတို့၏ ‌ကျေးရွာမှ ၆ ကီလိုမီတာ အကွာတွင် တည်ရှိသည်။

စုစုပေါင်းအားဖြင့် ထိုင်းဒေသခံပြည်သူ ၄၅၀ ခန့်သည် ကျေးရွာကို စွန့်ခွာပြီး ဘေးအန္တရာယ် ကင်းရာဆီ ထွက်ခွာခဲ့ကြကြောင်း၊ အများစုသည် ဧရိယာမှ အတော်ဝေးကွာသည့် အရပ်တွင် ရဆွေမျိုးများနှင့်အတူ နေထိုင်လျက် ရှိကြောင်း ဒေသအာဏာပိုင်တို့က ပြောသည်။

၎င်းတို့ကို စိတ်ခွန်အားတက်ကြွစေရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့ ဖွံ့ဖြိုးရေးတပ်မှ စစ်သားများသည် ခိုလှုံရာစခန်းတွင် တေးဂီတ ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျေးရွာသို့ ပြန်သွားလိုသည့် ဒေသခံများအနေဖြင့်လည်း သယ်ယူပို့ဆောင်ရေး အစီအစဥ်များအတွက် ခိုလှုံစခန်းတွင် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

မဲ့ဆရီးယန်းဒေသ ဘန်သာတာဖန်းမှ ဒေသခံ ၇၀ ခန့်သည်လည်း ဧပြီ ၂၈ ရက်တွင် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာခဲ့ကြပြီး ယခုအခါ ယင်းဧရိယာရှိ လုံခြုံရေးတာ၀န်ရှိသူများ၏ စောင့်ရှောက်မှုအောက်တွင် ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required