လုံခြုံရေးအခြေအနေကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရတဲ့ ကာဂျစ္စတန်အသင်းနှင့် မြန်မာအသင်းတို့ ပွဲစဉ်ကို အာရှဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေးကော်မတီရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၈ ခုနှစ်၊ မတ်လ (၂၂) ရက်နေမှာ ကြားနိုင်ငံတစ်နိုင်ငံမှာ ပြန်လည်ယှဉ်ပြိုင်ကစားကြရမယ်လို့ သိရပါတယ်။
စက်တင်ဘာလ (၅) ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမည့် အာရှဖလား ခြေစစ်ပွဲစဉ် အုပ်စု(က) ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့ရဲ့ ပွဲစဉ်ကို လုံခြုံရေးအခြေအနေကြောင့် ရွှေ ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းရဲ့ ပြိုင်ပွဲအတွက် ကုန်ကျစရိတ်အားလုံးနှင့် ပြိုင်ပွဲကျင်းပရန် ကုန်ကျစရိတ်များကို ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်မှ ကျခံရမှာဖြစ်ပါတယ်။
ပြိုင်ပွဲကျင်းပမည့် နိုင်ငံကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်တို့ ညှိနှိုင်းဆုံးဖြတ်ကြရမှာဖြစ်ပြီး သဘောတူညီမှုမရခဲ့ပါက အာရှဘောလုံးအဖွဲ့ချုပ်မှ ဆုံးဖြတ်ပေးမှာဖြစ်တယ်လို့ MFF က ထုတ်ပြန်ထားပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းဟာ ကာဂျစ္စတန်အသင်းနှင့် ၂၀၁၈ ခုနှစ် မတ်လ (၂၂) ရက်နေ့တွင် ယှဉ်ပြိုင်ကစားပြီး ငါးရက်အကြာမှာ ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် မတ်လ (၂၇) ရက်နေ့မှာ မကာအိုအသင်းနှင့် အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းဟာ အာရှဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ် (၄)ပွဲ ကစားပြီးချိန်မှာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ နှစ်ပွဲ သရေ၊ ရမှတ် (၅) မှတ်ဖြင့် အုပ်စု တတိယနေရာမှာ ရပ်တည်လျက်ရှိပြီး နှစ် (၅၀) ကြာ ဝေးကွာနေတဲ့ အာရှဖလားသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် လက်ကျန်ပွဲစဉ် (၂) ပွဲကို အနိုင်ရရှိရန် လိုအပ်လျက်ရှိပါတယ်။
Ref; MFF