အာဖဂန်နစ္စတန် ကဘူးလ်မြို့၌ နိုင်ငံခြားသား ဂျာနယ်လစ်များကို တာလီဘန်တို့ ထိန်းသိမ်းခဲ့ဟု ဆို

အာဖဂန်နစ္စတန် ကဘူးလ်မြို့၌ နိုင်ငံခြားသား ဂျာနယ်လစ်များကို တာလီဘန်တို့ ထိန်းသိမ်းခဲ့ဟု ဆို

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်တွင် တာလီဘန်တို့သည် နိုင်ငံခြားသား ၉ ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ထိန်းသိမ်းခံရသူများထဲတွင် အမေရိကန်နိုင်ငံသားတစ်ဦးနှင့် ဗြိတိန်နိုင်ငံသားတချို့ ပါဝင်ခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး ဝေါစထရိဂျာနယ်က ဖေဖေါ်ဝါရီ ၁၁ ရက်တွင် ဖော်ပြသည်။

အဆိုပါ ထိန်းသိမ်းခံရသူများအနက် ဂျာနယ်လစ်များဖြစ်ကြသော လူနှစ်ဦးသည် လေးရက်ကျော်ကြာ ထိန်းသိမ်းခံရပြီးနောက် ဖေဖေါ်ဝါရီ ၁၁ ရက် ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

ပြန်လွတ်လာသူများမှာ ဗြိတိန်နိုင်ငံသား အလွတ်တန်း သတင်းထောက် အန်ဒရူး နော့သ် နှင့် အိုင်ယာလန်နိုင်ငံသား ဓာတ်ပုံဆရာတစ်ဦးတို့ ဖြစ်ကြသည်။

၎င်းတို့သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) အတွက် ကဘူးလ်မြို့တွင် တာဝန်ထမ်းဆောင်နေခဲ့စဉ် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့အပြင် အလုပ်အတူလုပ်ကိုင်နေခဲ့ကြသည့် အာဖဂန်ဂျာနယ်လစ်တစ်ဦးနှင့် ဒရိုင်ဘာတစ်ဦးတို့လည်း ထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။ အဆိုပါ လေးဦးစလုံးသည် ယခုအခါ ပြန်လွတ်လာခဲ့ပြီဖြစ်ကြောင်း ဝေါစထရိဂျာနယ်က ဖော်ပြသည်။

အာဖဂန်နစ္စတန်တွင် နိုင်ငံခြားသားဂျာနယ်လစ်များ ထိန်းသိမ်းခံရသည်ဆိုသည့်သတင်းများ လူမှုကွန်ရက်တွင် စတင်ပျံ့နှံ့ခဲ့ပြီးနောက် ဖေဖေါ်ဝါရီ ၁၁ ရက်တွင် အဆိုပါ ထိန်းသိမ်းခံရမှုများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အတည်ပြုခဲ့သည်။

အာဖဂန်နစ္စတန်တွင် ယမန်နှစ် ဩဂုတ်လက တာလီဘန်တို့ ပြန်လည်အာဏာပြန်ရပြီးနောက် အာဏာရှင်ဆန်ဆန် မတရား ဖမ်းဆီးထိန်းသိမ်းမှုသတင်းများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ မြင့်တက်နေစဉ် ယင်းကဲ့သို့ နိုင်ငံခြားသားဂျာနယ်လစ်များ ထိန်းသိမ်းခံရမှုဖြစ်စဉ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly