အာဖဂန်နစ္စတန် ပက်တီကာပြည်နယ်၌ လွန်ခဲ့သည့်နှစ် ၂၀ အတွင်း အထက်တန်းကျောင်းပြီးသူ မရှိခဲ့

အာဖဂန်နစ္စတန် ပက်တီကာပြည်နယ်၌ လွန်ခဲ့သည့်နှစ် ၂၀ အတွင်း အထက်တန်းကျောင်းပြီးသူ မရှိခဲ့

အာဖဂန်နစ္စတန်နိုင်ငံ ပက်တီကာပြည်နယ်၌ ပြီးခဲ့သည့်နှစ် ၂၀ ကာလအတွင်း အထက်တန်းကျောင်းပြီးမြောက်အောင်မြင်သူများမရှိခဲ့ကြောင်း ယင်းပြည်နယ်၏ ပညာရေးဌာနက ဖေဖေါ်ဝါရီ ၁၃ ရက်တွင် အတည်ပြုထားသည်။

နိုင်ငံ အရှေ့တောင်ပိုင်း ပက်တီကာပြည်နယ်၏ ဝိုရွန်ဘိုင်၊ တာဝီ၊ ဒီလာ ခိုရှာမန်း၊ နာကာ နှင့်ဘာမယ်လ် ခရိုင်ငါးခု၌ ပြီးခဲ့သည့် နှစ် ၂၀ ကာလအတွင်း အထက်တန်းကျောင်းဆင်းလက်မှတ်ရသူ မရှိခဲ့ကြောင်း ပညာရေးဌာန၏ ထုတ်ပြန်ချက်ကို Tolo News က ဖော်ပြသည်။

လုံခြုံရေးဆိုင်ရာ တင်းကျပ်မှုများကြောင့် ယင်းပြည်နယ်၏ ပညာရေးစနစ်က ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း မရှိခဲ့ပေ။

“လက်ရှိအချိန်မှာ ဒီအခွင့်အရေး (ပညာရေး) နဲ့ လုံးလုံးလျားလျား လက်လှမ်းမမီတဲ့ ဧရိယာတွေကို အထူးအာရုံစိုက်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့အတွက် ဒီအခွင့်အရေးတွေကို သင့်တော်တဲ့ နည်းလမ်းတစ်ခုနဲ့ ထောက်ပံ့ပေးနိုင်အောင် ကြိုးစားနေပါတယ်” ဟု ပက်တီကာပြည်နယ် ပညာရေးဌာန၏ အကြီးအကဲဖြစ်သူက ပြောသည်။

အထက်တန်းစာသင်ကျောင်းများ မရှိခြင်းနှင့် ပညာရေးစနစ် ညံ့ဖျင်းမှုကြောင့် လူငယ်ထောင်နှင့်ချီသည် ပညာရေးအခွင့်အလမ်းများ မရရှိဘဲ ဖြစ်နေကြောင်း မျိုးနွယ်စု အကြီးအကဲများက ပြောဆိုကြသည်။

အဆိုပါခရိုင်များမှ ကျောင်းသားများ၏ ပြောဆိုချက်အရ စီးပွားရေးအခြေအနေ ပြေလည်သော မိသားစုများသည် ၎င်းတို့၏ သားသမီးများကို ပြည်နယ်၏ မြို့တော် ရှာရာနာသို့ ပို့ဆောင်ပြီး ကျောင်းဆက်တက်စေသော်လည်း စီးပွားရေးအဆင်မပြေသည့် မိသားစုများမှာမူ ၎င်းတို့၏ သားသမီးများ

ကျောင်းဆက်တက်နိုင်စေရန်အတွက် မြို့တော်သို့ ပို့ဆောင်နိုင်ခြင်းမရှိဟု ပြောခဲ့ကြကြောင်း Tolo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly