အာဖဂန်နစ္စတန်၌ စားနပ်ရိက္ခာများ ဖြန့်ဖြူးပေးဝေရန် အိန္ဒိယနှင့် WFP အကြား MoU ရေးထိုး

By Khaama
20 February 2022
အာဖဂန်နစ္စတန်၌ စားနပ်ရိက္ခာများ ဖြန့်ဖြူးပေးဝေရန် အိန္ဒိယနှင့် WFP အကြား MoU ရေးထိုး

အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဂျုံကဲ့သို့ စားနပ်ရိက္ခာများ ဖြန့်ဖြူးပေးဝေရေးနှင့် စပ်လျဉ်းပြီး အိန္ဒိယအစိုးရနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြား နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ် လက်မှတ်ထိုးခဲ့ကြောင်း အီတလီနိုင်ငံ ရောမမြို့ရှိ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်သည်။

အိန္ဒိယသည် အာဖဂန်နစ္စတန်သို့ စတုတ္ထအသုတ် ဆေးဘက်ဆိုင်ရာ အကူအညီပေးပို့မှု တစိတ်တဒေသအဖြစ် ဆေးဝါးတန်ချိန် ၃တန်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုသဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ်သည်။

“မိမိတို့ရဲ့ လူသားချင်းစာနာမှု အကူအညီပေးအပ်မှု တစိတ်တပိုင်းအဖြစ် အိန္ဒိယဟာ အာဖဂန်နစ္စတန်အတွက် မရှိမဖြစ် လိုအပ်တဲ့ အသက်ကယ်ဆေးဝါး သုံးတန် ပါဝင်တဲ့ ဆေးဘက်ဆိုင်ရာ အကူအညီ စတုတ္ထအသုတ်ကို ပေးပို့ခဲ့ပါတယ်။ အဲဒါတွေကို ကဘူးလ်မြို့မှာ ရှိတဲ့ အင်ဒီယာဂန္ဒီ ဆေးရုံကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်” ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ၁၁ ရက်တွင် ပြောခဲ့သည်။

အိန္ဒိယအစိုးရသည် လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ပေးလျက်ဖြင့် အားနည်းချက်ရှိနေသည့် အာဖဂန်ပြည်သူများကို ကူညီပေးသွားရန် စိတ်ပိုင်းဖြတ်ထားကြောင်း ဝန်ကြီးဌာနက ပြောသည်။

ထို့ပြင် အာဖဂန်ပြည်သူများအတွက် ဆေးဝါးများနှင့် စားနပ်ရိက္ခာများ ပါဝင်သည့် လူသားချင်းစာနာမှု အကူအညီ နောက်ထပ်အသုတ်များကို ထပ်မံပေးပို့သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၅ ငါးသိန်းနှင့် ဂျုံတန်ချိန် ၅ သောင်း ပါဝင်သည့် အရေးအကြီးဆုံး အထောက်အပံ့များကို အိန္ဒိယက အာဖဂန်နစ္စတန်အတွက် ထောက်ပံ့ပေးအပ်ထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly