အာဖဂန်နစ္စတန်သည် အယ်လ်ကိုင်ဒါများ ခိုလှုံသည့်နေရာ ဖြစ်လာနိုင်ဟု ကုလအစီရင်ခံစာတွင် ဖော်ပြ

By Afghanistan Sun
20 February 2022
အာဖဂန်နစ္စတန်သည် အယ်လ်ကိုင်ဒါများ ခိုလှုံသည့်နေရာ ဖြစ်လာနိုင်ဟု ကုလအစီရင်ခံစာတွင် ဖော်ပြ

တာလီဘန်တို့ အာဏာရနေသည့် အာဖဂန်နစ္စတန်နိုင်ငံသည် အယ်လ်ကိုင်ဒါတို့အတွက် “လုံခြုံသည့် ခိုလှုံရာ” တစ်ခု ဖြစ်လာနိုင်သည့် အလားအလာရှိနေကြောင်း ကုလအစီရင်ခံစာတစ်ရပ်တွင် သတိပေးထားကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

တရားမဝင်ကြောင်း ကြေညာခံထားရသည့် Tehreek-i-Taliban Pakistan (TTP) သည်လည်း အာဖဂန်နစ္စတန်တွင် တိုက်ခိုက်ရေးသမား ၃,၀၀၀ နှင့် ၅,၀၀၀ အကြား ရှိထားကြောင်း ဖေဖေါ်ဝါရီ ၇ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ပေးပို့သည့် အစီရင်ခံစာတစ်ရပ်တွင် ပါရှိသည်။

ကုလသမဂ္ဂ အကဲဖြတ်စိစစ်မှုဆိုင်ရာ အထောက်အကူပြုမှုနှင့် ဒဏ်ခတ်ပိတ်ဆို့မှု စောင့်ကြည့်လေ့လာမှုဆိုင်ရာ အဖွဲ့၏ ၂၉ ခုမြောက် အစီရင်ခံစာတွင် တောင်အာရှနှင့် ယင်း၏ပြင်ပတွင် လှုပ်ရှားသည့် အကြမ်းဖက်အဖွဲ့များနှင့် ပတ်သက်၍ လေ့လာသုံးသပ်ထားပြီး ၂၀၂၁ ဇွန်လနှင့် ဒီဇင်ဘာလအကြား ဖြစ်ပျက်ထားခဲ့သည့် ဖြစ်စဉ်များကို ခြုံငုံလေ့လာထားကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

အာဖဂန်နစ္စတန်ရှိ TTP တိုက်ခိုက်ရေးသမားများ၏ မိသားစုဝင်များသည် ပြန်လည်ပေါင်းစည်းရေး အာမခံချက်များဖြင့် ပါကစ္စတန်၌ ပြန်လည်အခြေချရန် ဆန္ဒရှိခဲ့ကြကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

ကော်မတီသည် တာလီဘန်အပြင် အယ်လ်ကိုင်ဒါကဲ့သို့ အဓိက စစ်သွေးကြွအဖွဲ့များနှင့် Daesh ဟု သိကြသည့် အိုင်အက်စ် (IS) အုပ်စု အဖွဲ့ခွဲများ၏ လှုပ်ရှားမှုများကို လေ့လာစောင့်ကြည့်လျက်ရှိသည်။ ထို အဖွဲ့များအပေါ် ကုလသမဂ္ဂက ပြဋ္ဌာန်းသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ အသေအချာ အကောင်အထည်ဖော်နိုင်စေရေးအတွက် ကော်မတီဘက်က လေ့လာသုံးသပ်ပေးရမည်ဖြစ်သည်။

အာဖဂန်နစ္စတန်၌ တာလီဘန်တို့ ပြန်လည်အာဏာရခြင်းက ယင်းနိုင်ငံ၏ မကြာသေးသော သမိုင်းတွင် “အထင်ရှားဆုံး ဖြစ်စဉ်” ဖြစ်ကြောင်းနှင့် ယင်းက အားလုံးအတွက် ကျယ်ပြန့်သော ဂယက်ရိုက်မှုများ ရှိစေလိမ့်မည် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly