ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကျ၍ ပြည်သူ ၃ဦးသေဆုံး၊ ရွာသား ၂၀ကျော် ဖမ်းဆီးခံရ

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကျ၍ ပြည်သူ ၃ဦးသေဆုံး၊ ရွာသား ၂၀ကျော် ဖမ်းဆီးခံရ

ဖေဖော်ဝါရီလ ၂၀ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ပေလည်၊ ဘိုကုန်း၊ သပြေသာနှင့် မဲသည်ကျေးရွာများကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၉ရက်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံပြည်သူ သုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၉ရက် နံနက် ၆ နာရီက စတင်ကာ ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်းသို့လည်း စစ်ကောင်စီတပ်သားများ ဝင်ရောက်ခဲ့ကာ ပြည်သူ ၂၀ဦးကိုလည်း ဖမ်းဆီးထားကြောင်း အဆိုပါ ဒေသခံက ဆိုသည်။ 

"ပေလည်နဲ့ ဘိုကုန်း ရွာက ကပ်လျက်ရှိပါတယ်ဗျ။ ပေလည်ရွာက ဒေသခံ တစ်ဦး အိမ်ကို လက်နက် ကြီးကျလို့ ပြည်သူ သုံးဦးတော့ ထိမှန်သေဆုံးသွားတယ်။ မနက်အစောကြီးကတည်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းပြီး ပစ်နေတာဗျ။ ရွာလုံးကျွတ်နီးပါး ရှောင်နေရတာဗျ။ ပြီးတော့ ရုတ်တရက် ရွာထဲဝင်လာပြီး တွေ့တဲ့ သူလိုက်ဖမ်းနေတာဗျ၊ ရွာသား ၂၀ လောက်တော့ ဖမ်းခံထားရတယ်ဗျ”ဟု ဒေသခံ ပြည်သူတစ်ဦး ကဆိုသည်။

အဆိုပါ ကျေးရွာများသည် ကန့်ဘလူမြို့နယ်နှင့် အရှေ့တောင်ဘက် ၁၀ မိုင်ခန့် အကွာတွင် တည်ရှိသည်။ 

လက်ရှိတွင်စစ်ကောင်စီတပ်များသည် ကျေးပင်အက်ရွာတွင် တပ်စွဲထားပြီး ထိုရွာ၏ အနောက်ဘက် ချောင်းနှင့် အရှေ့ဘက် ဆည်ဘောင်တွင်လည်း ၎င်းတို့ ရေချိုးလေ့ရှိပြီး ထိုနေရာများတွင်လည်း တပ်စွဲထားသည့် အနေအထားရှိနေကြောင်း ဒေသခံက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required