၇၄နှစ်မြောက် ချင်းအမျိုးသားနေ့ နယူး‌ဒေလီမြို့တွင်ကျင်းပ

၇၄နှစ်မြောက် ချင်းအမျိုးသားနေ့ နယူး‌ဒေလီမြို့တွင်ကျင်းပ

ဖေဖော်ဝါရီလ ၂၀ ရက်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ချင်းခရစ်ယာန်ဘုရားကျောင်းတွင် ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားအား ယနေ့ ဖေဖော်ဝါရီလ ၂၀ရက် ညနေ ၃နာရီတွင် ချင်းဒုက္ခသည် များကော်မတီ Chin Refugees Committee (CRC) မှ ကြီးမှူးကျင်းပသည်။

အခမ်းအနားအား ယမန်နှစ်များတွင်ကျင်းပခဲ့သည့်  အကအခုန် တေးသီချင်းများ ပျော်ရွှင်ဖွယ်နေ့မျိုးမပြုလုပ်ဘဲ ချင်းပြည်နယ်တွင် ဖြစ်ပေါ်နေသည့် စစ်ပွဲများ၊ အကြမ်းဖက် အသတ်ခံရမှုများ၊ နေအိမ်များမီးရှို့ခံရမှု၊ စစ်ဘေးရှောင်နေရသော သူများ အတွက် ဝမ်းနည်းသော အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

“ကျနော်တို့ချင်းလူမျိုးတွေက လူမျိုးစုတွေကွဲပြားမှုများတော့ အချင်းချင်းကြားမှာ လည်းနားလည်မှုတွေလွဲမှား ပြီးမညီမညွတ်မှုတွေရှိခဲ့ပါတယ်၊ ဒေလီမှာ COVID 19 ကပ်ဆိုးကျရောက်လာချိန်မှာတော့ ယခင်အချိန်များနဲ့မတူဘဲ အားလုံးက  တစည်းတလုံး ထဲနဲ့ အခက်အခဲကိုကျော်လွှားခဲ့ကြတယ် အဲဒီလိုပဲ အခုချင်းပြည်မှာ ကြုံတွေ့နေရတဲ့ ဘေးဒုက္ခတွေကနေ ပိုမိုစည်းလုံးညီညွတ် တဲ့ လူမှုအဖွဲ့အစည်း ကိုတည်ဆောက်နိုင်လိမ့်မယ်လို့ယုံကြည်တယ်။ ချင်းအမျိုးသား နေ့ရဲ့ အနှစ်သာရ ကလည်း စည်းလုံးညီညွတ်မှုပါပဲ” ဟု CRC ဥက္ကဋ္ဌ ရွပ်သာ (Ruata) မှ ပြောသည်။

အခမ်းအနားတွင် ကျဆုံးသော အာဇာနည်အပေါင်းအား သတိရ အောက်မေ့သော အားဖြင့် ငြိမ်သက်၍ အလေးပြုခြင်း၊ ကွန်မြူနတီခေါင်းဆောင်များမှ အမှာစကားများ ပြောကြားခြင်း၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ ပေးပို့သော သဝဏ် လွှာဖတ်ကြားခြင်း နိုင်ငံရေးနှင့်ပတ်သက်သော တေးသီချင်းသီဆိုခြင်းနှင့် ချင်းပြည် နယ်အတွက် အထူးဆုတောင်းခြင်း အစီအစဉ်များပြုလုပ်ခဲ့ကြသည်။

ခရစ်ယာန်အသင်းအုပ် ဆရာများနှင့် ဂိုဏ်းထောက်များ ၊ ကွန်မြူနတီအသီးသီးမှ ခေါင်းဆောင်များ ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ ၊ အမျိုးသမီးနှင့် တက်ကြွလှုပ်ရှား သူများ ၇၀ကျော်ခန့်တက် ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required