၁၉၄၅ ခုနှစ်နောက်ပိုင်း ဥရောပ၏ အကြီးမားဆုံး စစ်ပွဲကို ရုရှတို့ စတင်နိုင်ဟု ယူကေ သတိပေး

၁၉၄၅ ခုနှစ်နောက်ပိုင်း ဥရောပ၏ အကြီးမားဆုံး စစ်ပွဲကို ရုရှတို့ စတင်နိုင်ဟု ယူကေ သတိပေး
Photo - AFP

ဖေဖေါ်ဝါရီလ ၂၀ ရက်

ရုရှသည် ဥရောပကို ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးဆုံး ပဋိပက္ခစစ်ပွဲတစ်ခုထဲသို့ တွန်းပို့ရန် ပြင်ဆင်လျက် ရှိကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ဖေဖေါ်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာလည်းပဲ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပါက ရုရှအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်ကနေ ဖယ်ထုတ်ခံရလိမ့်မည်ဟုလည်း ၎င်းက သတိပေးသွားခဲ့သည်။

“အမှန်ကတော့ ခု တွေ့နေမြင်နေရတဲ့ လက္ခဏာရပ်အားလုံးအရ အစီအစဉ်က စတင်နေပြီလို့တောင် ပြောလို့ရနိုင်ပါတယ်” ဟု ဂျွန်ဆင်က မြူးနစ် လုံခြုံရေးကွန်းဖရင့်မှ ဘီဘီစီ၏ အင်တာဗျူး ထုတ်လွှင့်မှု အစီအစဉ်တစ်ခုတွင် ပြောခဲ့သည်။

ဤမတိုင်မီ ရုရှလိုလားသော ခွဲထွက်ရေးသူပုန်များ ထိန်းချုပ်ရာ နယ်မြေတစ်ဝိုက်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအတွင်း ယူကရိန်းစစ်သားနှစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပေါ်ထားခဲ့သည်။

ရုရှ၏ ကျူးကျော်ဝင်ရောက်နိုင်မှု အစီအစဉ်များအရ ယင်း၏ တပ်ဖွဲ့ဝင်များသည် ခွဲထွက်ရေးသူပုန်တို့ ထိန်းချုပ်ရာ အရှေ့ဘက်ကနေ ယူကရိန်းနိုင်ငံထဲ ဝင်ရောက်နိုင်ရုံသာမက ဘယ်လာရုစ်ကနေတစ်ဆင့် ယူကရိန်း၏ မြောက်ဘက်သို့ ဝင်ရောက်နိုင်သလို ယင်းနောက် မြို့တော် ကိယက်ဗ်ကို ဝိုင်းသွားနိုင်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်မှ အနောက်အုပ်စုခေါင်းဆောင်များထံ တစ်ဆင့်ပေးပို့ထားသည့် ထောက်လှမ်းရေး သတင်းအချက်အလက်များကို ကိုးကားလျက် ဂျွန်ဆင်က ပြောခဲ့သည်။

“လူသားဘဝမှာ အင်မတန် ကြီးမားတဲ့ ဆုံးရှုံးထိခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်တာကို သဘောပေါက်နားလည်ဖို့ လိုပါတယ်” ဟုလည်း ဂျွန်ဆင်က ပြောသည်။ ရုရှ ကျူးကျော်ဝင်ရောက်ပါက ယူကရိန်း၏ ပြန်လည် ခုခံတွန်းလှန်မှုကို အနောက်အုပ်စုဘက်မှ ဆက်လက်ထောက်ကူပံ့ပိုးသွားမည်ဟု ယင်းမတိုင်မီက ထုတ်ဖော်ပြောဆိုထားမှုများ ရှိထားခဲ့ပြီးဖြစ်သည်။

“ခု ကျွန်တော်တို့ တွေ့မြင်နေရတဲ့ ရုရှရဲ့ အစီအစဉ်ဟာ အတိုင်းအတာ အရွယ်အစားအရဆိုရင် ၁၉၄၅ ခုနှစ်နောက်ပိုင်း ဥရောပမှာ အကြီးမားဆုံး ဖြစ်နိုင်တဲ့ စစ်ပွဲတစ်ခုအတွက် ပြင်ဆင်နေတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ဗြိတိန်ဝန်ကြီးချုပ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly