ဒီပဲယင်းမြို့နယ် ယင်းတွေရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်များ ဝင်ရောက်ဖျက်ဆီး

ဒီပဲယင်းမြို့နယ် ယင်းတွေရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်များ ဝင်ရောက်ဖျက်ဆီး
ပုံစာ - ဒီပဲယင်းမြို့နယ် ယင်းတွေရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်များ ဝင်ရောက်ဖျက်ဆီးသည့် ပုံများ။ (ဓာတ်ပုံ- CJ)

ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ တောင်ဘက်ရှိ ယင်းတွေရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၈ နာရီခန့်တွင် ဝင်ရောက်ကာ ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီး မွှေနှောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနက် ၇ နာရီ ၄၅ မိနစ်လောက်တည်းက ကျွန်မတို့ ထွက်ပြေးရတယ်ရှင့်။ ဘာပစ္စည်းမှလည်း မယူနိုင်ဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုလိုပဲ ထွက်ပြေးရတာရှင့်” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။

ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်များ ဒီပဲယင်းမြို့ကို ရဟတ်ယာဉ်များဖြင့် အင်အားထပ်ဖြည့်ကာ တစ်ရွာဝင် တစ်ရွာထွက် ဝင်ရောက် မွှေနှောက်နေကြောင်း ဒေသ ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်က ပြောသည်။

"အခုတော့ ပြည်သူပိုင် နေအိမ်တွေကို ထင်သလို ဖျက်ဆီး ထင်သလို လုပ်နေကြတော့တာပဲရှင့်။ အခုဆို ကျန်းမာရေးက တစ်ဘက် လူစုလူဝေးနဲ့ ပြေးလွှားနေရတယ် ” ဟု ဒေသခံ ပြည်သူတစ်ဦးက ဆိုသည်။

ဒီပဲယင်းမြို့နယ် အတွင်းရှိ မဲသည်ကျေးရွာ ကိုလည်း ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် စစ်တပ်က ဝင်ရောက်ဖျက်ဆီး ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly