တင်းမာမှုများ အရှိန်မြင့်နေစဉ် ပူတင်နှင့် တွေ့ဆုံဆွေးနွေးလိုဟု ယူကရိန်းသမ္မတ ပြော

တင်းမာမှုများ အရှိန်မြင့်နေစဉ် ပူတင်နှင့် တွေ့ဆုံဆွေးနွေးလိုဟု ယူကရိန်းသမ္မတ ပြော

ဖေဖေါ်ဝါရီ ၂၀

ရုရှ-ယူကရိန်း အကျပ်အတည်းအရေး ဆွေးနွေးအဖြေရှာရန် ရုရှသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဖေဖေါ်ဝါရီ ၂၀ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ယူကရိန်းကို ကျူးကျော်ရန် ရုရှတို့ စီစဉ်နေသည် ဆိုသည့် သတိပေးချက်များ တိုးမြင့်ထွက်ပေါ်နေသလို ရုရှ ကျောထောက်နောက်ခံပြု သူပုန်များ ထိန်းချုပ်သည့် နယ်မြေ၌ ပဋိပက္ခများ ရုတ်တရက် အရှိန်မြင့်တက်လာမှုနှင့် ရင်ဆိုင်နေရစဉ် ယူကရိန်းသမ္မတက ပူတင်နှင့် တွေ့ဆုံဆွေးနွေးလိုသည်ဟု တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ရုရှဖက်ဒရေးရှင်းရဲ့ သမ္မတ ဘာလိုချင်နေလဲဆိုတာကို ကျွန်တော် မသိပါဘူး။ ဆိုတော့ ကျွန်တော်တို့အကြား အစည်းအဝေးတစ်ခု လုပ်ဖို့ ကျွန်တော့်ဘက်က အဆိုပြုပါတယ်” ဟု မစ္စတာ ဇီလန်စကီးက မြူးနစ် လုံခြုံရေးကွန်ဖရင့်တွင် ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုအတွက် နေရာကို ရုရှဘက်က ရွေးချယ်သတ်မှတ်နိုင်ကြောင်း မစ္စတာ ဇီလန်စကီးက ပြောသည်။

“ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းတစ်ခု ရဖို့အတွက် ယူကရိန်းဘက်ကတော့ သံတမန်လမ်းကြောင်းအတိုင်းပဲ ဆက်သွားပါမယ်” ဟု ၎င်းက ပြောသည်။

ယူကရိန်းသမ္မတ၏ ယင်းအဆိုပြုချက်နှင့်ပတ်သက်ပြီး ရုရှအစိုးရဘက်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။

ရုရှက ယူကရိန်းကို ကျူးကျော်တော့မည်ဟု အနောက်အုပ်စုခေါင်းဆောင်များက တိုးမြင့်သတိပေးနေသလို ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးခေါင်းဆောင်များကလည်း အပြည့်အဝ စစ်စည်းရုံးမှုတစ်ခု လုပ်ဆောင်ရန် ညွှန်ကြားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ယူကရိန်းသမ္မတက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required