ရုရှ-ယူကရိန်းအရေး ဆွေးနွေးရန် ဘိုင်ဒင်က အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူမည်

ရုရှ-ယူကရိန်းအရေး ဆွေးနွေးရန် ဘိုင်ဒင်က အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူမည်
Photo - AFP

AFP ၊ ဖေဖေါ်ဝါရီ ၂၀

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ရုရှ-ယူကရိန်း တင်းမာမှုအရေးကိစ္စနှင့် စပ်လျဉ်းပြီး ဖေဖေါ်ဝါရီ ၂၀ ရက် တနင်္ဂနွေနေ့တွင် အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ်ကို ရှားရှားပါးပါး ခေါ်ယူသွားရန် ရှိကြောင်း အမေရိကန်သတင်းပြန်ကြားရေးအတွင်းဝန် ယန် ဆာကီက ပြောကြားသည်။

ရုရှသည် ယူကရိန်းကို “အချိန်မရွေး” ဝင်တိုက်နိုင်သည်ဟု အိမ်ဖြူတော်က ယမန်နေ့က ထပ်လောင်းအတည်ပြုခဲ့သလို တစ်ချိန်တည်းမှာပင် ထိုအကျပ်အတည်းကိစ္စ ဆွေးနွေးရန် အနောက်အုပ်စု နိုင်ငံရေးသမားများသည်လည်း မြူးနစ်မြို့တွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ရုရှသည် ယင်း၏ ဆိုဗီယက်အဖွဲ့ဝင်ဟောင်း အိမ်နီးချင်း ယူကရိန်းကို ရက်ပိုင်းအတွင်း ကျူးကျော်ဝင်ရောက်ရန် စီစဉ်ထားသည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဘိုင်ဒင်က ဖေဖေါ်ဝါရီ ၁၈ ရက်တွင် ပြောခဲ့သည်။

မြင့်တက်လာနေသော တင်းမာမှုများအရေး ဆွေးနွေးရန် အမေရိကန် ဒုသမ္မတ ကာမာလာ ဟားရစ် အပါအဝင် အနောက်အုပ်စုမှ အဆင့်မြင့်ကိုယ်စားလှယ်များ စည်းဝေးခဲ့သည့် မြူးနစ် လုံခြုံရေးကွန်းဖရင့်၌ ဆွေးနွေးမှုများနှင့် စပ်လျဉ်းပြီး သမ္မတ ဘိုင်ဒင်ထံ ရှင်းလင်းတင်ပြထားပြီးဖြစ်ကြောင်း ဆာကီက ပြောသည်။

“ရုရှသည် ယူကရိန်းကို အချိန်မရွေး တိုက်နိုင်သည်” ဆိုပြီး သမ္မတ၏ အမျိုးသားလုံခြုံရေးအဖွဲ့က ထပ်လောင်းအတည်ပြုထားကြောင်း သူမက ပြောသည်။

ရုရှ ကျူးကျော်ဝင်ရောက်နိုင်မှုအတွက် ဝါရှင်တန်၏ ခန့်မှန်းချက်များကို လက်ခံရန် ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်စကီးက ငြင်းဆန်ထားပြီး “မိမိတို့ ထိတ်ထိတ်ပျာပျာ ဖြစ်ရန် မလိုဟု ထင်မြင်ထားသည်” ဟု ပြောထားသော်လည်း ယူကရိန်းနှင့်ပတ်သက်သည့် ရုရှ၏ ရည်ရွယ်ချက်များနှင့်စပ်လျဉ်းပြီး မြူးနစ်၌ အနောက်အုပ်စု အရာရှိများက ဆက်လက်သတိပေးပြောဆိုသွားခဲ့သည်။

ရုရှက ယင်းအနေဖြင့် တိုက်ခိုက်မှုလုပ်ရန် အစီအစဉ်များ မရှိဟု အခိုင်အမာ ဆိုထားသော်လည်း တင်းမာမှုများ လျော့စေရန် အနည်းအကျဉ်းမျှသာ လုပ်ထားသည်။ ထို့ပြင် ယူကရိန်းသည် ဒွန်နက်စ်နှင့် လူဟန့်စ် ဒေသများတွင် ရုရှား လိုလားသော ခွဲထွက်ရေးသူပုန်တို့ ထိန်းချုပ်ရာ နေရာများကို တိုက်ခိုက်မှုလုပ်ရန် အကွက်ချစီစဉ်နေသည် ဆိုပြီး ရုရှ နိုင်ငံပိုင်မီဒီယာက စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required