မင်းတပ်မြို့နယ် တိုက်ပွဲများကြောင့် ပြည်သူများ ယာခင်းများတွင် တိမ်းရှောင်နေရ

မင်းတပ်မြို့နယ် တိုက်ပွဲများကြောင့် ပြည်သူများ ယာခင်းများတွင် တိမ်းရှောင်နေရ
ဓါတ်ပုံ - Mindat Township IDPs Camp Management Committee

ဖေဖော်ဝါရီလ ၁၉ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ မြောက်ဘက်ခြမ်းရှိ တိုက်နယ် အမှတ်(၂)နှင့် (၃) တွင် ဖေဖော်ဝါရီလ ၁၀ ရက်က စတင်ကာ စစ်ကောင်စီတပ် အင်အား ၃၀၀ခန့်ဖြင့် ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်၍ပြည်သူများ တောင်ယာခင်းရှိ ယာယီတဲများတွင် ထပ်မံ စစ်ရှောင်နေကြရသည်ဟု သိရသည်။ 

စစ်ကောင်စီ စစ်ကြောင်းများက လက်နက်ကြီးများဖြင့် ကျေးရွာများကို  ပစ်ခတ်ခြင်း၊ မင်းတပ်(CDF)နှင့် ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။ 

ထို့ကြောင့် ကျေးရွာများရှိ  ဒေသခံများနှင့် မင်းတပ်မြို့ပေါ်မှ ကျေးရွာများသို့ စစ်ဘေးရှောင်လာသူများမှာ ထိတ်လန့် နေကြသည်ဟု သိရသည်။ 

"ကျွန်မတို့ကတော့ ဒီတစ်ခါတော့ မပြေးနိုင်တော့ဘူး။ သေလည်း သေပါစေတော့။ မြို့ပေါ်ကနေ ဒီရွာမှာ စစ်လာရှောင်နေကြတာ အခုဆိုရင် တစ်နှစ်ပြည့်တော့မယ်။ သူတို့ စစ်တပ်တွေ လာရင်တောင်ယာတဲတွေထဲ ပြေးရတယ်။ မိုးတွေကလည်းရွာ အရမ်းဒုက္ခရောက်ရတယ်။ သူတို့ပြန်သွားရင် ရွာတွေကိုပြန်လာနေ အခုစစ်ကြောင်းနဲ့ဆိုရင် သုံးခါရှိပြီ။ ပြေးလည်း မပြေးနိုင်တော့ဘူး"ဟု မင်းတပ်မြို့ပေါ်မှ စစ်ရှောင်လာသူ အသက်၇၀ကျော်အရွယ် အဘွားတစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ်များက ဒေသခံ ကာကွယ်ရေးတပ်များ သွားလာသည်ဟု ယူဆသည့် တောင်ယာလမ်းနှင့် တောလမ်းများတွင် နင်းမိုင်းများ ထောင်သွားကြသည်ဟုလည်း ဒေသခံကာကွယ်ရေးတပ် တာဝန်ရှိသူများ ထံက  သိရသည်။ 

"ပြီးခဲ့တဲ့ တစ်နေ့က ကျေးရွာကနေ တောင်ယာထဲကိုစစ်ရှောင်ပြေးကြတဲ့သူတွေနဲ့ တောလမ်းမှာ စစ်ကြောင်းနဲ့ သွားတွေ့ကြတယ်လေ။ အခုက စစ်တပ်ကလည်း ရွာလမ်းတွေက မသွားတော့ဘဲ တောလမ်း၊ တောင်ယာလမ်းတွေကနေပဲ သွားနေကြတယ်။ အဲဒီမှာ ဖမ်းဆီးပြီး CDF တွေ ဘယ်မှာရှိလဲ၊CDMဆရာဝန်တွေ ဘယ်ပြေးလဲ မေးကြတယ်ထင်တယ်။ အရိုက်လည်း ခံကြတယ်ထင်တယ်။ ဒါကြောင့် ကျွန်မတို့ကတော့ ဘယ်မှမပြေးတော့ဘူး''  စစ်ရှောင် အဘွားကပြောသည်။ 

စစ်ကောင်စီ တပ်များသည် ၎င်းတို့ ဝင်ရောက်တပ်စွဲသည့်ရွာများရှိ ပြည်သူများ ခက်ခဲစွာ စုဆောင်းထားသည့် ရိက္ခာများကိုလည်း ဖျက်ဆီးမီးရှို့ ကြသည်ဟု ကြားသိရပြီး ယခုအခါ ဖျားနာသူများ၊ သက်ကြီးရွယ်အိုများ၊ စားဝတ်နေရေး ခက်ခဲနေသူများ များပြားနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည်ဟုလည်း မင်းတပ်စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေး ကော်မတီကလည်း ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required