ယူကရိန်းကို ကျူးကျော်ရန် ပူတင်က ဆုံးဖြတ်ထားပြီးဟု ဂျိုး ဘိုင်ဒင် ပြော 

ယူကရိန်းကို ကျူးကျော်ရန် ပူတင်က ဆုံးဖြတ်ထားပြီးဟု ဂျိုး ဘိုင်ဒင် ပြော 
Photo - AFP

ဖေဖော်ဝါရီ ၁၉

သီတင်းပတ်အတွင်း ယူကရိန်းကို ကျူးကျော်ရန် ရုရှ သမ္မတ ဗလာဒီမာ ပူတင်က ဆုံးဖြတ်ထားသည်ဟု ယုံကြည်ထားကြောင်း အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင်က သောကြာနေ့တွင် ပြောသည်။ 

ထိုသို့ ကျူးကျော်တိုက်ခိုက်လာပါက အမေရိကန်တာဝန်ရှိသူတစ်ဦး ပြောဆိုထားသကဲ့သို့ ‘အပယ်ခံ’အဖြစ် ရုရှအား အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လာနိုင်သည်။ 

“အခုထိတော့ ပူတင်ဟာ ယူကရိန်းကို ကျူးကျော်ဖို့ ဆုံးဖြတ်ထားတယ်လို့ ကျွန်တော် ယုံကြည်ယူဆတယ်”ဟု အိမ်ဖြူတော်မှနေ၍ ရုပ်သံက မိန့်ခွန်းတွင် ဂျိုး ဘိုင်ဒင်က ဆိုသည်။ 

လာမည့် သီတင်းပတ် သို့မဟုတ် ရက်ပိုင်းအတွင်း၌ တိုက်ခိုက်မှု ဖြစ်လာနိုင်ပြီး ‘အပြစ်မဲ့ပြည်သူ ၂ ဒသမ ၈ သန်း ရှိရာ ယူကရိန်းမြို့တော် ကိယက်ဗ်ကို ပစ်မှတ်ထားခြင်းလည်း ပါဝင်မည်ဟု ဂျိုး ဘိုင်ဒင်က ပြောသည်။ 

တင်းမာမှု အရှိန်လျှော့ရေးနှင့် စေ့စပ်ရေး စားပွဲဝိုင်းများဆီ ပြန်သွားရေးက အချိန်မနှောင်းသေးကြောင်း အမေရိကန် ခေါင်းဆောင်က အလေးအနက်ဆိုသော်လည်း တိုက်ခိုက်လာသည်ဆိုပါက ရုရှသမ္မတသည် သံတမန်ရေး တံခါးကို ဆောင့်ပိတ်ချလိုက်ခြင်း ဖြစ်မည်ဟု သတိပေးသည်။ 

နေတိုး၊ ဥရောပသမဂ္ဂတို့နှင့် ရေရှည် ပေါင်းစည်းနိုင်ရေး ကြိုးစားနေခြင်းဖြင့် ရုရှအတွက် စိတ်ဆိုးဒေါသ ထွက်စရာ ဖြစ်စေသော အိမ်နီးချင်း ယူကရိန်းကို တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း ရုရှက အခိုင်အမာ ပြောဆိုနေသည်။ 

သို့ရာတွင် ယူကရိန်းနယ်စပ်များ၌ ရုရှတပ်အင်အား ၁၄၉၀၀၀ ခန့် တပ်စွဲထားကြောင်း၊ အရှေ့ပိုင်းက ရုရှကျောထောက်နောက်ခံသည့် ယူကရိန်း ခွဲထွက်ရေးအင်အားပါ ပါမည်ဆိုပါက ၁၉၀၀၀၀ ခန့် ရှိကြောင်း၊ မည်သည့်အချိန် တိုက်ခိုက်လာမည်လဲဆိုသည်ကိုသာ ပြောရမည်ဖြစ်ကြောင်း အမေရိကန်က ဆိုသည်။ 

စိုးရိမ်စရာများကို ထပ်တိုးပွားစေခြင်းအဖြစ် နျူကလီးယား တင်ဆောင်စွမ်းသော ဒုံးကျည်များပါ ပါဝင်မည့် ယခင်က စီစဉ်ထားသော စနေနေ့ စစ်ရေးလေ့ကျင့်မှုကို ပူတင်က ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ကွပ်ကဲမည်ဖြစ်ကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက ကြေညာလာခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required