ဇန်နဝါရီ ၁၇၊ ရန်ကုန်။ ။ ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် စက်တင်ဘာလအတွင်းသွားရောက်မည့် မြန်မာ့လက်ရွေးစင် အသင်း၏ ဥရောပခရီးစဉ်တွင် ဂျာမနီနိုင်ငံအပြင် နယ်သာလန်နိုင်ငံသို့ပါသွားရောက်နိုင်ရန် ညှိုနှိုင်းနေသည်။
မြန်မာအသင်းမှာ စက်တင်ဘာလအတွင်း ဂျာမနီနိုင်ငံတွင် တစ်လကျော်သွားရောက်နေထိုင်လေ့ကျင့်ရန် စီစဉ်ထားပြီး ဂျပန်နိုင်ငံတွင်လည်း ဂျပန်လက်ရွေးစင်အသင်းနှင့်ခြေစမ်း ကစားရန် စီစဉ်ထားသည်။
“စက်တင်ဘာက ဥရောပကိုသွားဖို့အချိန်ကောင်းပဲ။ ဘာကြောင့်လဲဆိုတော့ ဒေသတွင်းလိဂ်တွေအတော်များများနားသွားတဲ့အချိန်မို့ပါ။ ဂျာမနီမှာ ခြေစမ်းပွဲကစားဖို့အားလုံး စီစဉ်ပြီးပါပြီ။ နယ်သာလန်ကိုသွားနိုင်ဖို့လည်း အဖွဲ့ချုပ်ချင်းညှိုနေပါတယ်။”ဟု မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်ကပြောသည်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများထဲတွင် ပထမဆုံးဥရောပသို့သွားရောက်လေ့ကျင့်ခဲ့သည့်အသင်းမှာ မြန်မာယူ-၂၀အသင်းဖြစ်ပြီး ဥရောပနိုင်ငံများဖြစ်သော ဂျာမနီ၊ တူရကီ၊ ဆားဘီးယား၊ ဟန်ဂေရီ၊ စသည့်နိုင်ငံများသို့သွားရောက်ခဲ့သည်။