မြင်းခြံ ၊ ညောင်တိုရွာ၌ စစ်ကောင်စီတပ်က ပြည်သူ ၂ ဦးကို မိသားစုဝင်များရှေ့ ရိုက်သတ်

မြင်းခြံ ၊ ညောင်တိုရွာ၌ စစ်ကောင်စီတပ်က ပြည်သူ ၂ ဦးကို မိသားစုဝင်များရှေ့ ရိုက်သတ်

ဖေဖော်ဝါရီ ၁၈

မြင်းခြံမြို့နယ်၊ ညောင်တိုကျေးရွာ၌ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်က အရပ်သား နှစ်ဦးကို မိသားစုဝင်များရှေ့၌ ရိုက်သတ်မှု ဖြစ်ပွားခဲ့‌ကြောင်း ဒေသခံထံက သိရသည်။

သေဆုံး အရပ်သား နှစ်ဦးမှာ ညောင်တိုကျေးရွာသားများ ဖြစ်ကြသည့် အသက် ၅၀ အရွယ်ရှိ ဦးအောင်ညွန့်နှင့် ဦးစန်းအောင်တို့ ဖြစ်သည်။

အခြားတစ်ရွာရှိ သမီးဖြစ်သူထံ သွားရောက် ရှောင်တိမ်း နေသော ဦးအောင်ညွန့်ကို ပြန်မလာပါက နေအိမ်ကိုမီးရှို့မည်ဟု စစ်တပ်က ခြိမ်းခြောက်ကာ ညောင်တိုကျေးရွာသို့ ခေါ်ဆောင်ခဲ့သည်။

ညောင်တိုကျေးရွာရှိ နေအိမ်တွင် ဦးအောင်ညွန့်၏ သားသမီးနှစ်ဦး လက်ရှိ နေထိုင်နေ၍ ဖေဖော်ဝါရီ ၁၇ ရက်တွင် ၎င်းသည် နေအိမ်သို့ ပြန်လာခဲ့သည်။

“သူပြန် ရောက်ရောက်ခြင်း လွယ်အိတ်ပဲ ချရသေးတယ်။ စစ်ကောင်စီတပ်သားတွေနဲ့ ပျူတွေက အိမ်ထဲ ဝင်ပြီး ညနေ ၄ နာရီလောက်က စရိုက်တာ၊ ည ၈ နာရီလောက်မှာ ဆုံးသွားတယ်။ သူက ရွာရေး ရပ်ရေး လုပ်လို့တဲ့။ ပရဟိတ နာရေး ကူညီမှုတွေ ဘာတွေ ဦးဆောင်လို့တဲ့။ အမြင်ကပ်လို့ကို ရိုက်သတ်တာဗျ” ဟု ဖြစ်စဉ်ကို သိရှိထားသည့် မြင်းခြံမြို့ ဒေသခံတစ်ဦးက ပြောသည်။

ညောင်တိုကျေးရွာ၌ပင် ရိုက်နှက်ခံရသူ အခြားတစ်ဦး ဖြစ်သည့် ဦးစန်းအောင်မှာမူ ယခင် ဆန္ဒပြပွဲများတွင် အသံချဲ့စက် ကိုင်ပေးခြင်း၊ ၎င်း ပိုင်ဆိုင်သည့် စက်များ ငှားရမ်းပေးခြင်း တို့ကြောင့် ရိုက်သတ် ခံရခြင်းဟု ဒေသခံက ပြောသည်။

ညောင်တိုကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၂၀ ဦး၊ ပျူစောထီး ၃၀ ဦး စုစုပေါင်း ၅၀ ဦးက ဖေဖော်ဝါရီ ၁၅ ရက် ည ၈ နာရီခန့်တွင် ၎င်း၏ နေအိမ်သို့ လာရောက် ရိုက်နှက်ခြင်း ဖြစ်သည်။

ဦးစန်းအောင်နှင့်အတူ ၎င်း၏ သားများဖြစ်သည့် ဦးထွန်းထွန်းဦး၊ ဦးသန်းထိုက်ဦး တို့ကိုပါ ကျန်မိသားစုဝင်များ ရှေ့ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

ဦးစန်းအောင်မှာ ဒဏ်ရာပြင်းထန်၍ အဆိုပါနေ့တွင်ပင် မြင်းခြံခရိုင် ဆေးရုံသို့ သွားရောက် ခဲ့သော်လည်း စစ်ကောင်စီတပ်က ခွင့်မပြု၍ ဆေးရုံမှ ကုသမပေးခဲ့ပေ။ ထို့ကြောင့် ငါန်းဇွန် ဆေးရုံသို့ ထပ်မံ သွားရောက်ရာ လက်လွန်နေ၍ဟုဆိုကာ ကုသခွင့် ထပ်မံ မရရှိခဲ့ပေ။

အဆိုပါ ဒဏ်ရာများဖြင့် ရိုက်နှက် ခံရပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၁၇ ရက်တွင် ဦးစန်းအောင် ကွယ်လွန်ခဲ့ရကြောင်း ဒေသခံက ဆိုသည်။

၎င်းနှင့်အတူ ရိုက်နှက်ခံရသည့် သားနှစ်ဦးမှာလည်း ဒဏ်ရာ ပြင်းထန်သော်လည်း အသက်အန္တရာယ် မရှိနိုင်ကြောင်းနှင့် ဆေးမီးတိုများဖြင့်သာ ကုသနေရကြောင်း ဒေသခံက ရှင်းပြသည်။

ညောင်တိုကျေးရွာသည် မြင်းခြံမြို့ မြောက်ဘက် ၁၀ မိုင်ခန့် အကွာတွင် တည်ရှိသော ကျေးရွာ တစ်ရွာလည်း ဖြစ်သည်။

#မြင်းခြံ #ညောင်တိုရွာ #စစ်ကောင်စီတပ် #ပျူစောထီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required