တမူးခရိုင်အတွင်း တိုက်ပွဲ စစ်ကောင်စီတပ်သား ၂ ဦးထက်မနည်း ဒဏ်ရာရဟု ကူကီး အမျိုးသားတပ် ထုတ်ပြန်

တမူးခရိုင်အတွင်း တိုက်ပွဲ စစ်ကောင်စီတပ်သား ၂ ဦးထက်မနည်း ဒဏ်ရာရဟု ကူကီး အမျိုးသားတပ် ထုတ်ပြန်

ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်း တမူးခရိုင်အတွင်း စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့ဝင်များကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ နှစ်ဦးထက်မနည်း ဒဏ်ရာ ရရှိသွားကြောင်း ကူကီးအမျိုးသား အစည်းအရုံး/တပ်မတော် (Kuki National Organisation/Army) က ဖေဖော်ဝါရီလ ၁၇ ရက် နေ့စွဲ ဖြင့် ထုတ်ပြန်သည်။

ကူကီးအမျိုးသားတပ်စခန်း တစ်ခုကို သိမ်းပိုက်ရန် စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ် ဆင်လာသော အင်အား ၅၀ ကျော်ပါ စစ်ကောင်စီတပ်များအား ကြိုတင် သတင်းရရှိချက်အရ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် စောင့်ကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မိနစ် ၂၀ ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ မင်းသာ ၊ မြို့သစ် ၊ သနန် တို့မှ ပျူစောထီးများနှင့် ကသည်း လက်နက်ကိုင် တပ်ဖွဲ့များ ပါဝင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူလူထုအား အကြမ်းဖက်နေသည့် စစ်ကောင်စီဘက်က မရပ်တည်ဘဲ ပြည်သူနှင့်အတူ ရပ်တည်ရန် ပျူစောထီးများနှင့် ကသည်းအဖွဲ့များအား သတိပေးကြောင်းနှင့် နောက်နောင်တွင် သည်းခံ ခွင့်လွှတ်တော့မည် မဟုတ်ကြောင်း ဆိုထားသည်။

KNO/KNA (Burma) သည် စစ်အာဏာရှင် အမြစ်ဖြုတ်မည့် မည်သည့် အဖွဲ့အစည်းမျိုးနှင့်မဆို ဆက်လက် ပူးပေါင်းသွားမည် ဖြစ်ကြောင်း ပြည်သူလူထုအား အသိပေးသည် ဟု ဆိုသည်။

#တမူးခရိုင်

#စစ်ကောင်စီတပ်

#ပျူစောထီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required