ကလေးမြို့နယ် ရန်ကြီးအောင်ရွာရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၆ ဦးသေဟု CDF - KKG ထုတ်ပြန်

By ပါခွီး
18 February 2022
ကလေးမြို့နယ် ရန်ကြီးအောင်ရွာရှိ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၆ ဦးသေဟု CDF - KKG ထုတ်ပြန်
ဓာတ်ပုံ - CDF - KKG ရဲဘော်များ

ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ရန်ကြီးအောင် ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ခြောက်ဦး သေဆုံးကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး ၊ ကဘော် ၊ ဂန့်ဂေါ) CDF - KKG က ထုတ်ပြန်သည်။

CDF- KKG နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) (CDF- Hakha )တို့က ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၄ နာရီတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲချိန် တစ်နာရီခန့် ကြာခဲ့သည်။

“ဒီရန်ကြီးအောင် စခန်းက ခရီးသွား ပြည်သူတွေ စစ်ဆေးတာ အတော်ကြမ်းတယ်။ ရွာကိုလည်း ပျူစောထီး ဖွဲ့ဖို့ ဖိအားတွေ ပေးနေတယ်။ အဲဒါတွေကြောင့် ဝင်တိုက်ရတာပါ” ဟု CDF - KKG တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်မှုများ ရှိခဲ့ပြီး ပြည်သူများကို ပျူစောထီးအဖွဲ့များ ဖွဲ့ရန် ဖိအား ပေးခြင်းများလည်းရှိသည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က ရန်ကြီးအောင်ကျေးရွာရှိ လူနေအိမ် ငါးလုံးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မီးရှို့ခဲ့ပြီး ၁၆ ရက်နေ့တွင် အိမ် သုံးလုံးကို ထပ်မံမီးရှို့ခဲ့သည်။

ဖေဖော်ဝါရီလ ၁၄ ရက် ကလည်း CDF - Hakha နှင့် CDF - KKG တို့ ပူးပေါင်း၍ ရန်ကြီးအောင် စစ်စခန်းကို အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly