ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ အလေးထားပြောကြား

ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ အလေးထားပြောကြား

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကင်က ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ၊ တောင်ကို ရီးယား နိုင်ငံခြားရေးဝန်ကြီး ချန်အီယုန်တို့နှင့် တွေ့ဆုံခဲ့ပြီး ထိုင်ဝမ် ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အရေးကြီးကြောင်း အလေးပေး ပြောကြားလိုက်သည်။

ဘလင်ကန်၊ ယိုရှီမာဆာနှင့် ချန်အီယုံတို့သည် ဟာဝိုင်အီ၊ ဟိုနိုလူလူမြို့တွင် ဖေဖော်ဝါရီလ ၁၂ရက်တွင် တွေ့ဆုံခဲ့ပြီး ၂၁ ရာစု၏ ကြီးမားသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းရာတွင် အားကောင်းသော အမေရိကန်-ဂျပန်-တောင်ကိုရီးယား ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို ပြန်လည်အတည်ပြုရန်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးတို့ ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဘလင်ကင်နှင့် နိုင်ငံခြားရေးဝန်ကြီးများသည် ၃ နိုင်ငံ ပါဝင်သော လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ ဘုံအမြင်ကို မျှဝေခဲ့ကြပြီး စည်းမျဉ်းအခြေပြု နိုင်ငံတကာ စည်းမျဉ်းကို လေးစားလိုက်နာကာ ယင်းတို့၏ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ပိုမိုအားကောင်းပြုရန် ကတိပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးများက အမေရိကန်၏ အသစ်ထုတ်ပြန်လိုက်သည့် အင်ဒို-ပစိဖိတ် မဟာဗျူဟာကို ကြိုဆိုခဲ့ကြသည်။

ရုရှားနှင့် ယူကရိန်းအကြား တင်းမာမှုများ ပြင်းထန်လာချိန်တွင် နိုင်ငံခြားရေးဝန်ကြီးများသည် ယူကရိန်းနယ်စပ် တစ်လျှောက် ရုရှားစစ်တပ်တည်ဆောက်မှုကို ဆွေးနွေးခဲ့ကြပြီး ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် နယ်မြေ ပိုင်ဆိုင်မှုအတွက် ထောက်ခံခဲ့ကြသည်။

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးများသည် ကုလသမဂ္ဂ ပင်လယ်ဥပဒေဆိုင်ရာ ကွန်ဗင်း ရှင်းတွင် ဖော်ပြထားသည့်အတိုင်း နိုင်ငံတကာ ဥပဒေနှင့်အညီ လိုက်နာရန် အရေးကြီးကြောင်း အလေးပေး ဖော်ပြခဲ့ပြီး ယင်းတို့၏ အစိုးရများ၏ နိုင်ငံတကာဥပဒေများကို ကာလကြာရှည်စွာ ထောက်ခံအားပေးမှုကို ထပ်လောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၏ အရေးပါမှုကို အလေးပေးခဲ့ကြသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားက ဥက္ကဌအဖြစ် လက်ရှိ တာဝန်ယူနေသည့် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် ဗဟိုကျမှုကို ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ထပ်မံ အတည်ပြုခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly