ဇန်နဝါရီ ၁၇၊ မန်ချက်စတာ ။ ။ မန်ယူအသင်းသည် ယခုရာသီတွင်ဗန်ဟားလ်ကိုထုတ်ပယ်ဖြစ်ခဲ့ပါက နည်းပြဟောင်းဖာဂူဆန်မှာ ရွိုင်ယန်ဂစ်ကို ကူညီရန်အသင်းသို့ ပြန်ရောက်လာဖွယ်ရှိသည်ဟု ဆန်းဒေးပီးပဲလ်သတင်းစာက ဖော်ပြသည်။
အသက် ၇၄ နှစ်ရှိဖာဂူဆန်သည် ၂၀၁၃ တွင်မန်ယူအသင်းမှအနားယူခဲ့ပြီး နည်းပြလောကသို့ပြန်ဝင်ရန်ဆုံးဖြတ်ထားခြင်းမရှိသော်လည်း ယခုရာသီတွင်ဗန်ဟားလ်ထုတ်ခံရပြီး လက်ထောက်နည်းပြရွိုင်ယန်ဂစ် နည်းပြချုပ်ဖြစ်လာခဲ့ပါက မန်ယူအသင်းကိုကူညီထိန်းကျောင်းရန် ပြန်ရောက်လာနိုင်သည်ဟု ဆန်းဒေးပီးပဲလ်က ယူဆနေခြင်းဖြစ်သည်။
မန်ယူနည်းပြ ဗန်ဟားလ်သည်နောက်ထပ်အကျပ်အတည်းကာလအတစ်ခုအဖြစ် တနင်္ဂနွေနေ့တွင် အန်ဖီးလ်အသင်း၌ လီဗာပူးလ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အစဉ်အလာပြိုင်ဘက်ကို အပြတ်အသတ်ရှုံးမည်ဆိုပါက နည်းပြရာထူးဆက်ထိန်းရန် ပိုမိုခက်ခဲသွားမည်ဖြစ်သည်။
အကယ်၍ဗန်ဟားလ်ထုတ်ပယ်ခံရပါက ဖာဂူဆန်သည် ကလပ်အသင်းအတွက် နည်းဗျူဟာများချမှတ်နိုင်သော အရေးပါသည့် မည်သည့် ရာထူးနှင့်မဆို ပြန်ရောက်လာနိုင်ဖွယ်ရှိနေသည်။
သို့မဟုတ်ပါကလည်း၂၀၁၄ တွင် မိုယက်စ်ထုတ်ခံရစဉ်က အသင်းကိုယာယီတာဝန်ယူခဲ့ရသကဲ့သို့ အဖြစ်မျိုးပြန်ဖြစ်လာခဲ့လျှင် ရွိုင်ယန်ဂစ် သည် ဖာဂူဆန်၏ အကူ အညီကို ရယူဖွယ်ရှိနေသည်ဟုလည်း ယင်းသတင်းစာက သုံးသပ်ခဲ့သည်။
Ref; Mirror