မတ်လအတွင်း လာရောက်ရန်ရှိသည့် အာဆီယံ ကိုယ်စားလှယ်က NUG နှင့် တွေ့ဆုံခွင့် တောင်း 

မတ်လအတွင်း လာရောက်ရန်ရှိသည့် အာဆီယံ ကိုယ်စားလှယ်က NUG နှင့် တွေ့ဆုံခွင့် တောင်း 

ဖေဖော်ဝါရီ ၁၈

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ အထူးသံတမန်အဖြစ် မြန်မာနိုင်ငံသို့ မတ်လအတွင်း လာရောက်ရန် စီစဉ်လျက်ရှိသည်ဟု ကမ္ဘောဒီယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ပရတ် ဆော့ခွန်းက ပြောသည်။  

အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ အဖွဲ့ဝင်များနှင့် ပြောဆိုဆွေးနွေးနိုင်ရေး ၎င်းအတွက် အခြေအနေများ ဖန်တီးပေးရန်ကိုလည်း စစ်ကောင်စီကို ကမ္ဘောဒီးယား သံတမန်က တိုက်တွန်းထားကြောင်းလည်း ဗီယက်နမ်သတင်းအေဂျင်စီ VNA အရ သိရသည်။  

ကြာသပတေးနေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးပြီး သတင်းစာရှင်းလင်းပွဲ၌ ၂၀၂၂ အာဆီယံ ဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာစစ်ကောင်စီနှင့် ယုံကြည်မှု ဆက်လက်တည်ဆောက်သွားရေးအတွက် ရှေ့တိုးကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပရတ် ဆော့ခွန်းက ဆိုသည်။  

မြန်မာစစ်တပ်သည် ရွေးကောက်ပွဲ မသမာမှုကြောင့်ဟု ဆိုကာ အစိုးရခေါင်းဆောင်များ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် NLD အကြီးတန်း တာဝန်ရှိသူများကို ဖမ်းဆီးပြီး ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းလိုက်ချိန်မှစကာ မြန်မာနိုင်ငံသည် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပွားနေသည်။  

နိုင်ငံ၏ အာဏာကို ယာယီသိမ်းလိုက်ပြီးနောက်၌ မြန်မာစစ်တပ်သည် တစ်နှစ်ကြာ အရေးပေါ် အခြေအနေ ကြေညာပြီး ရွေးကောက်ပွဲ ကျင်းပကာ အာဏာပြန်လည် လွှဲပြောင်းပေးမည်ဟု ကတိပြုထားသည်။  

ယခုနှစ် ဖေဖော်ဝါရီ ၂ ရက်၌ အာဆီယံသည် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေဖြင့် နိုင်ငံ၏ လက်ရှိအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများ ပေါ်ပေါက်လာရေး ဖောက်ဆောင်လုပ်ကိုင်ကြရန် တိုက်တွန်းခဲ့သည်။  

အာဆီယံ အဖွဲ့ဝင်နိုင်ငံများကလည်း ၂၀၂၁ ဧပြီလအတွင်းက အာဆီယံ ခေါင်းဆောင်များကြား ရရှိထားသည့် ဘုံသဘောတူညီချက် ငါးရပ်ကို ဖော်ဆောင်ရေးအတွက် အထူးအရေးယူ ဆောင်ရွက်ရန် မြန်မာစစ်ကောင်စီကို တိုက်တွန်းထားကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required