တရုတ်မှ တင်သွင်းသည့် သစ်ကြားသီးများကြောင့် ပါကစ္စတန်တောင်သူများ အခက်တွေ့နေ

တရုတ်မှ တင်သွင်းသည့် သစ်ကြားသီးများကြောင့် ပါကစ္စတန်တောင်သူများ အခက်တွေ့နေ

ပါကစ္စတန် ထိန်းချုပ်သည့် ကက်ရှ်မီးယား (PoK) ဒေသရှိ သစ်ကြားသီးစိုက်တောင်သူများသည် ယခုအခါ ဈေးကွက်ထဲသို့ တရုတ်မှ တင်သွင်းသည့် သစ်ကြားသီးများ တိုးမြင့် ဝင်ရောက်လာနေမှုကြောင့် အခက်တွေ့လျက် ရှိကြောင်း သိရသည်။

သစ်ကြားသီး စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းသည် PoK ဒေသရှိ တောင်သူတစ်ချို့အတွက် အဓိက ဝင်ငွေရရှိသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်ရာ လက်ရှိအချိန်တွင် တရုတ် သစ်ကြားသီးများကြောင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ ခြိမ်းခြောက်ခံနေရသည်။

လက်ရှိအခြေအနေကြောင့် PoK ဒေသမှ မိသားစု ၃၀,၀၀၀ တို့၏ ဘဝများသည် မသေချာမရေရာမှုများနှင့် ကြုံတွေ့နေရပြီဖြစ်သည်။

လက်ရှိအချိန်တွင် PoK ဒေသခံများအနေဖြင့် ၎င်းတို့၏ ကက်ရှ်မီးယားဒေသထွက် အော်ဂင်းနစ် သစ်ကြားသီးများအတွက် ဈေးကွက်ထဲတွင် တရုတ်မှ ဝင်လာသည့် သစ်ကြားသီးများနှင့် အပြင်းအထန် ယှဉ်ပြိုင်နေရသည်။

တရုတ်မှ လာသည့် သစ်ကြားသီးများက အခွန်ပျော့ပြီး အစေ့အဆန် ဖြူသော်လည်း PoK ဒေသထွက် သစ်ကြားသီးများသည် အော်ဂင်းနစ်သစ်ကြားသီးများဖြစ်ပြီး အရသာပိုင်းတွင် ပိုမိုကောင်းမွန်သည်။

ထို့ပြင် ဝင်ရောက်လာသည့် တရုတ်သစ်ကြားသီးများ၏ ပမာဏသည်လည်း PoK ဒေသထွက် သစ်ကြားသီးများထက် ပိုများနေသည်။

အော်ဂင်းနစ် သစ်ကြားသီးများ စိုက်ပျိုးခြင်းက PoK ရှိ ရွာသားများအတွက် ရာသီအလိုက် အလွယ်တကူ ဝင်ငွေ ရရှိစေကြောင်း ပါကစ္စတန် ပါမောက္ခတစ်ဦးဖြစ်သည့် ဆာဂျစ်ဒ် မီအာက Dawn သတင်းစာတွင် ရေးသား ဖော်ပြထားသည်။

သို့သော် ရာသီဥတု ပြောင်းလဲမှု၊ အစိုးရ၏ အာရုံစိုက်မှု ကင်းမဲ့မှုတို့ကြောင့် အခွင့်အရေးများကနေ စိန်ခေါ်မှုတစ်ခုသို့ ပြောင်းလဲဖြစ်ပေါ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်တစ်စုအတွင်း မကြုံစဖူး ထူးကဲ မိုးရွာမှု အပါအဝင် အကြောင်းရင်းအချို့ကြောင့် PoK ဒေသရှိ သစ်ကြားသီးလုပ်ငန်းတွင် ကျဆင်းမှုဖြစ်ပေါ်ခဲ့သည်ဟု မီအာက ပြောသည်။ ယင်းကနေတဆင့် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း သစ်သီးခြောက် ဈေးနှုန်းပိုင်းတွင် ၄ ပုံ ၁ပုံခန့် ကျဆင်းခဲ့သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံတောင်သူ မိသားစု ၃၀,၀၀၀ ခန့်၏ ဝင်ငွေရင်းမြစ်တစ်ခုကို ပျောက်ပျက်စေခဲ့ကြောင်း ၎င်းက ပြောသွားခဲ့သည်။

ရာသီဥတုပြောင်းလဲခြင်းနှင့် ဆက်နွယ်သည့် နောက်ထပ်အချက်တစ်ချက်က အင်းဆက်ပိုးကျခြင်းနှင့် အပင် ပင်စည်နှင့် အစေ့အဆန်များတွင် ရောဂါပိုးပျံ့နှံ့ခြင်းတို့ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ယင်းကဲ့သို့ တောင်သူများ၏ အကျပ်အတည်းများကြောင့် တရုတ်ကနေ သစ်ကြားသီးများ တင်သွင်းရခြင်းဖြစ်ကြောင်း နီးလမ်ခရိုင် မှ ကုန်သည်တစ်ဦးဖြစ်သည့် ခါလစ် ရှားက ပြောသည်။

“အညိုရောင် အစေ့အဆန် ထုတ်လုပ်တဲ့ သီးနှံတွေရဲ့ အရည်အသွေး ယိုယွင်းလာမှုကြောင့် ပြီးခဲ့တဲ့ ၈ နှစ်၊ ၁၀ နှစ်အတွင်း ကျွန်တော်တို့ဟာ တရုတ်ကနေ သစ်ကြားသီးတွေ တင်သွင်းနေရတာဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly