ပြဿနာ ဖြေရှင်းရာ၌ စစ်ကောင်စီ လိုက်ပါဆောင်ရွက်ခြင်းမရှိဟု ဟွန်ဆန် ဝန်ခံ 

ပြဿနာ ဖြေရှင်းရာ၌ စစ်ကောင်စီ လိုက်ပါဆောင်ရွက်ခြင်းမရှိဟု ဟွန်ဆန် ဝန်ခံ 

ဖေဖော်ဝါရီ ၁၇

မြန်မာနိုင်ငံက အခြေအနေအား ဖြေရှင်းရေးတွင် စစ်ကောင်စီက လိုက်ပါဆောင်ရွက်ခြင်း မရှိကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ဗုဒ္ဓဟူးနေ့တွင် ဝန်ခံပြောဆိုလာသည်။ 

အာဆီယံဥက္ကဋ္ဌအဖြစ် အလှည့်ကျ တာဝန်ယူထားရသည်မှာ တစ်လခွဲခန့်သာ ရှိသေးချိန်၌ ဟွန်ဆန်အနေဖြင့် ဝန်ခံလာခြင်း ဖြစ်သကဲ့သို့ ၎င်း၏ ဥက္ကဋ္ဌ သက်တမ်းအတွင်း၌ ဖြေရှင်းနိုင်ဖွယ်ရာ မရှိဟုလည်း ပြောဆိုသည်။ 

“ကျွန်တော်အနေနဲ့ မြန်မာအရေးမှာ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေရတယ်၊ ဘေးကျပ်နံကျပ် အခက်တွေ့နေတာပဲ၊ ဒီအတွက် ဖြစ်လိုရာ ဖြစ်စေတော့လို့ပဲ ဆိုရတော့မယ်”ဟု ကရာတီပြည်နယ်က တံတားဖွင့်ပွဲတွင် ဂျပန်သံအမတ်ကြီး မီကာမီ မာဆာဟီရိုပါ တက်ရောက်ပါဝင်သည့် အရာရှိအရာခံများ ရှေ့မှောက်၌ ဟွန်ဆန်က ပြောဆိုသည်။ 

“သူတို့တွေ (စစ်ကောင်စီ) က တိုးတက်အောင် မလုပ်ချင်ကြဘူးဆိုရင် ကျွန်တော်တို့လည်း စိုးရိမ်ပူပန်နေဖို့ မလိုဘူး၊ နွားနောက်က လှည်းဆိုတာက နွားမရွေ့ဘဲ ဘယ်လိုလုပ် ရှေ့တိုးနိုင်မှာလဲ”ဟု သဘောထားတင်းမာသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဟွန်ဆန်က ပြောသည်။ 

အာဆီယံ၏ ဥက္ကဋ္ဌအဖြစ် ၎င်း၏ တာဝန်သည် ၁၀ လနှင့် ၁၄ ရက်သာ ကျန်ရှိကြောင်း၊ မြန်မာအရေးသည် ခက်ခဲသဖြင့် နောက်တက်မည့် အာဆီယံဥက္ကဋ္ဌက တာဝန်ယူရနိုင်ကြောင်းလည်း ဟွန်ဆန်က မှတ်ချက်ပြု ပြောဆိုသည်။ 

ဟွန်ဆန်သည် မြန်မာနိုင်ငံ၌ အာဏာသိမ်းပြီးမှစကာ ပထမဆုံး နိုင်ငံခြား ခေါင်းဆောင်တစ်ဦးအနေဖြင့် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်တို့တွင် ခရီးစဉ် ရောက်ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ပြောဆိုလာခြင်းပဲ ဖြစ်သည်။ အဆိုပါ ခရီးစဉ်က စစ်ကောင်စီအား အသိအမှတ်ပြုရာ ရောက်သည်ဆိုကာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ 

ယင်းခရီးစဉ် မတိုင်မီ သီတင်းနှစ်ပတ်ခန့်က ဟွန်ဆန်သည် စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင်နှင့် အွန်လိုင်းဗီဒီယိုမှ တွေ့ဆုံခဲ့ရာတွင် ဘုံသဘောတူညီချက် ငါးရပ်ဟု သိထားသော အာဆီယံအဖွဲ့မှချမှတ်ပြီး ပြီးခဲ့သည့်နှစ်က သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ပြောဆိုတိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required