ထိုင်ဝမ်၏ Sky Bow ဒုံးခွင်းဒုံး အစီအစဉ်အတွက် တရုတ်မှ တင်သွင်းခဲ့သည့် ပစ္စည်းအစိတ်အပိုင်းများ အသုံးမပြုနိုင်ကြောင်း တွေ့ရှိ

ထိုင်ဝမ်၏ Sky Bow ဒုံးခွင်းဒုံး အစီအစဉ်အတွက် တရုတ်မှ တင်သွင်းခဲ့သည့် ပစ္စည်းအစိတ်အပိုင်းများ အသုံးမပြုနိုင်ကြောင်း တွေ့ရှိ

ထိုင်ဝမ်၏ ပြည်တွင်းထုတ် Sky Bow ဒုံးကျည်အစီအစဉ်အတွက် ယမန်နှစ် မတ်လက ကန်ထရိုက်တစ်ဦးမှတစ်ဆင့် တင်သွင်းခဲ့သော ပစ္စည်းများသည် လိုအပ်ချက်နှင့် မကိုက်ညီကြောင်း တွေ့ရှိခဲ့ရသည်။

National Chung-Shan Institute of Science and Technology (NCSIST) မှ ထုတ်လုပ်သော အရည် အသွေး ညံ့ဖျင်းသော တရုတ် အစိတ်အပိုင်းများကိစ္စသည် ဖေဖော်ဝါရီလ ၉ရက်က ထွက်ပေါ်လာခဲ့ပြီး ရှေ့နေများထံ လွှဲပြောင်းပေးကာ လျော်ကြေးငွေ တောင်းခံမှုအတွက် ၂၀၂၁ခုနှစ် မတ်လတွင် တိုင်ကြား ခဲ့သည်ဟု Taiwan News သတင်းတွင် ဖော်ပြထားသည်။

လျှပ်စီးကြောင်း ထောက်ပံ့မှုကို ထိန်းချုပ်ပေးသည့် ပစ္စည်းဖြစ်သည့် ဆီလီကွန်အသုံးပြုထိန်းချုပ်ထားသည့် အစိတ်အပိုင်းများကို ကန်ထရိုက်တာက တရုတ်မှ အဓိက တင်သွင်းခဲ့ပြီး ယင်းသည် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များအတွက် လိုအပ်သည့် အရည်အသွေးစံနှုန်းများနှင့် မပြည့်မီကြောင်း Mirror Media မှ ဖော်ပြခဲ့သည်။

ယင်းကဲ့သို့ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်စေရေးကို ကာကွယ်ရန် NCSIST သည် ပစ္စည်းပေးသွင်းသူများနှင့် နီးကပ်သော ဆက်ဆံရေးကို ထူထောင်ရန်နှင့် မူရင်းစာရွက်စာတမ်းအတုများကို ရှာဖွေဖော်ထုတ်ရန် စနစ်တစ်ခုကို တပ်ဆင်ထားကြောင်း Taiwan News တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ အမှားအယင်းကို အစောပိုင်းအဆင့်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ဒုံးကျည် ထုတ်လုပ်ရေးလုပ်ငန်းစဉ်အပေါ် သက်ရောက်မှုမရှိခဲ့ကြောင်း NCSIST မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်တွင် အသုံးပြုနေသော Patriot ဒုံးကျည်ကာကွယ်ရေးစနစ်အား ဆက်လက် ထိန်းသိမ်းရန်နှင့် တိုးတက်ကောင်းမွန်စေရန် ထိုင်ဝမ်အား ပစ္စည်းများနှင့် ဝန်ဆောင်မှုများအား အမေရိကန် ဒေါ်လာ သန်း ၁၀ဝ ဖိုး ရောင်းချရန် ဖေဖော်ဝါရီလ ၈ရက်တွင် အမေရိကန်က အတည်ပြုထားသည်။

ထိုင်ဝမ်၏ လက်ရှိအစိုးရသည် တရုတ်ကွန်မြူနစ်အစိုးရ၏ တိုက်ခိုက်မှုခြိမ်းခြောက်မှုကို တန်ပြန်ရန်အတွက် ပြည်တွင်းဖြစ် ရေငုပ်င်္ဘောများမှ ဒုံးကျည်များ ထုတ်လုပ်မှုအထိ ကာကွယ်ရေးစနစ်များကို အလေးထား ဆောင်ရွက်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly