ယူကရိန်းမှာ ပူတင် တကယ်တမ်း ဘာကို လိုချင်တာလဲ။

ယူကရိန်းမှာ ပူတင် တကယ်တမ်း ဘာကို လိုချင်တာလဲ။

ဖေဖေါ်ဝါရီ ၁၆

ယူကရိန်းကို ကျူးကျော်ဝင်ရောက်ဖို့ ရုရှက ဘာကြောင့် ခြိမ်းခြောက်နေတာလဲ။

ယူကရိန်းကို ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက် မရှိဟု ရုရှအစိုးရ ပြောရေးဆိုခွင့်ရှိသူက နေ့စဉ်နေ့တိုင်း ပြောသည်။ ထိုနည်းလည်းကောင်းပင် ရုရှသမ္မတ ဗလာဒီမာ ပူတင်သည်လည်း ပြီးခဲ့သည့် အပတ်က ပြင်သစ်ခေါင်းဆောင် အီမန်နျူရယ် မက်ခရွန် နှင့် တွေ့ဆုံခဲ့စဉ်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တယ်လီဖုန်းဆက်သွယ်ပြောဆိုခဲ့စဉ်အတွင်း ယူကရိန်းကို ကျူးကျော်မည့် ရည်ရွယ်ချက် မရှိပါဆိုပြီး ငြင်းဆန်ထားခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ပြဿနာနှစ်ခု ရှိသည်။ ပထမတစ်ခုက ပူတင်၏ ဟိတ်ဟန်များပြီး ကိန်းကြီးခန်းကြီးနိုင်သည့် ပုံစံဖြင့် အမှန်တရားနှင့်အကြား ဆက်စပ်မှုကို ထောက်ဆလျက်ဖြင့် အထက်ပါ ငြင်းဆန်ပြောဆိုချက်များကို အနောက်အုပ်စုအစိုးရ အနည်းငယ်မျှကသာပဲ ယုံကြည်ကြသည်။ ဒုတိယတစ်ခုက အကယ်၍ ၎င်း၏ ရည်ရွယ်ချက်များက ငြိမ်းချမ်းမှုရှိသည်ဆိုပါလျင် ယူကရိန်း နယ်စပ်အနား တပ်ဖွဲ့ဝင် ၁၃၀,၀၀၀ အပါအဝင် ရုရှစစ်တပ်၏ ထက်ဝက်ကျော်ကို မည်သည့်အတွက်ကြောင့် စုရုံးထားသလဲ ဆိုသည်ကို ပူတင်ဘက်က ရှင်းပြမထားခဲ့ခြင်းပင် ဖြစ်သည်။ ယင်းက လှန့်လုံးတစ်ခု ဖြစ်နိုင်သည်။ သို့သော် ယင်းနှင့်ပတ်သက်ပြီး မည်သူက လောင်းကြေးစားကြေးထပ်ပါမည်လဲ။

ယင်းသို့ဆိုလျင် မည်သည်က ပူတင်ကို တွန်အားပေးနေသလဲ။

ဤနေရာတွင် သီအိုရီ အများအပြား ရှိသည်။ အဓိကအားဖြင့် ယခင် ဆိုဗီယက်အဖွဲ့ဝင်ဟောင်းများဖြစ်ခဲ့ကြပြီး လက်ရှိတွင် လွတ်လပ်စွာ ရပ်တည်နေပြီဖြစ်သည့် အက်စ်တိုးနီးယား၊ လက်ဗီးယား၊ လစ်သူရေးနီးယား၊ ဘယ်လာရုစ်၊ ဂျော်ဂျီယာ နှင့် ယူကရိန်း ကဲ့သို့သော နိုင်ငံများကို ပွေ့ဖက် ဖက်တွယ်ရင်း အရှေ့ဥရောပတွင် ရုရှ ဩဇာလွှမ်းမိုးမှုနယ်ပယ်တစ်ခု ပြန်လည်တည်ဆောက်ရန် ပူတင်ဘက်က အလိုရှိနေသည်ဟု ပြောကြသည်။ ၎င်းသည် ဆိုဗီယက် ယူနီယံ ပြိုကွဲပြီးနောက် ၎င်းတို့၏ “ဆုံးရှုံးမှု” ကို မကြာခဏ ညည်းညူထားခဲ့သည်။ အတိုင်းအတာ အများစု (နျူကလီးယားလက်နက် သိုလှောင်မှုနှင့် ပထဝီဝင်အနေအထား) အရ ယင်းသည် အလယ်အလတ်တန်းစား ပါဝါ နိုင်ငံတစ်နိုင်ငံ ဖြစ်နေသည် ဆိုလျင်တောင်မှ ရုရှသည် စူပါပါဝါ နိုင်ငံတစ်နိုင်ငံ ဖြစ်နေဆဲ ဆိုသည်ကို အနောက်အုပ်စုနှင့် (ရုရှပြည်သူများ) ကို ထုတ်ဖော်ပြသရန် ပူတင်အနေဖြင့် မျှော်လင့်ကောင်း မျှော်လင့်နေနိုင်သည်။

ယူကရိန်းက ဘာကြောင့်လဲ။

ရုရှ၏ အနောက်တောင်ဘက်ခြမ်း၏ အထက်စီးတွင် တည်နေသည့် မဟာဗျူဟာကျ အရေးပါသော ယူကရိန်းသည် အနောက်အုပ်စုဘက် တိမ်းပြီး အနောက်အုပ်စုနှင့် အံဝင်ခွင်ကျ သဟဇာတဖြစ်လာနေသည်ကို ပူတင်က စိုးရိမ်ပူပန်နေသည်။ ယူကရိန်း၏ နေတိုးနှင့်အကြား ပိုမို နီးကပ်လာနေမှုကိုလည်း ၎င်းက ဆန့်ကျင်သည်။ ထို့ပြင် အီးယူနှင့်အကြား ယူကရိန်း၏ ဖွံ့ဖြိုးလာနေသော ချိတ်ဆက် ဆက်ဆံမှုများကိုလည်း ၎င်းက ကန့်ကွက်သည်။ ပူတင်အတွက် သာ၍ ဆိုးသည်က ၎င်းဘက်က ကြည့်မည်ဆိုလျင် ယူကရိန်းသည် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ ဖြစ်နေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်သော မီဒီယာနှင့်အတူ ခေါင်းဆောင်များကို လွတ်လပ်စွာ ရွေးကောက်တင်မြှောက်နိုင်နေခြင်းဖြစ်သည်။ လက်တွေ့တွင် ရုရှနိုင်ငံသားများသည် ယင်းကဲ့သို့သော လွတ်လပ်ခွင့်များကို ခံစားရရှိထားခြင်း မရှိပေ။ အကယ်၍ ၎င်းတို့အနေဖြင့် ယူကရိန်း၏ ဥပမာနောက် လိုက်ခဲ့မည် ဆိုလျင် ပူတင်၏ ထိုင်ခုံသည် ကြာကြာခံလိမ့်မည် မဟုတ်ပေ။ ပို၍ ထင်ရှားသည်က ပူတင်သည် အတိတ်ကို တသသဖြစ်နေသည့် ပြန်လည်ပြင်ဆင်ရေးဝါဒီတစ်ဦးဖြစ်ပြီး ၎င်းအနေဖြင့် ယူကရိန်းကို သမိုင်းဝင် ရုရှ၏ တစ်သားတည်းဖြစ်သော အပိုင်းတစ်ခုအဖြစ် နှင့် ယင်းကို ဆုံးရှုံးရမှုက ရုရှ၏ စစ်အေးတိုက်ပွဲ ရှုံးနိမ့်မှု သင်္ကေတတစ်ခုအဖြစ် သဘောထားသူဖြစ်သည်။

ဘာကြောင့် ခုချိန်မှာ လက်ရှိအခြေအနေတွေ ဖြစ်နေရသလဲ။

ပူတင်အနေဖြင့် အနောက်အုပ်စု၏ အားနည်းမှုကို အာရုံခံမိကောင်းခံမိနိုင်သည်။ နေတိုးအုပ်စုသည် ယမန်နှစ်က အာဖဂန်နစ္စတန်တွင် မျက်နှာပျက်ခဲ့ရသလို စစ်ပွဲများ အဆုံးသတ်မည်ဟု မဲဆွယ်ထားခဲ့ပြီး စစ်ပွဲသစ်တွင် ပါဝင်လုပ်ဆောင်ထားခဲ့ခြင်း မရှိသည့် ဂျိုးဘိုင်ဒင်ကလည်း အမေရိကန် နိုင်ငံခြားရေးမူဝါဒနှင့် စစ်ရေး ရင်းမြစ်များကို ဥရောပမဟုတ်ဘဲ တရုတ်အပေါ်တွင်လည်း ပြန်လည်အာရုံစိုက်ထားခဲ့သည်။ ပြည်တွင်း၌ ၎င်းအပေါ် ထောက်ခံမှုကို ကျားကန်ရန်၊ ၎င်း၏ အနောက်အုပ်စု ဆန့်ကျင်ရေး မူဝါဒများကို သက်သေထူရန်၊ အစိုးရ အကျင့်ပျက်ခြစားမှုနှင့် လက်ဆော့တတ်မှုတို့ ထူပြောနေမှုအတွက် ဆင်ခြေပေးရန်၊ ၂၀၁၄ ခုနှစ်က ယူကရိန်းအပေါ် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ပြီးနောက် ချမှတ်ခံခဲ့ရသည့် အနောက်အုပ်စု ဒဏ်ခတ်ပိတ်ဆို့မှုများ ရလဒ်ကြောင့် ရုရှနိုင်ငံသားများ ခံစားခဲ့ရသည့် အခက်အခဲများအတွက် ရှင်းချက်ထုတ်ရန် ပူတင်အတွက် ကြီးမားသော အောင်ပွဲတစ်ခု လိုသည်ဟု ယူဆရသည်။ ၎င်းသည် ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့ပြီး ဒွန်ဘတ်စ်ဒေသကို လက်ရှိ လက်တွေ့ထိန်းချုပ်ထားသည်။

ပူတင်၏ တောင်းဆိုချက်တွေက ဘာတွေလဲ။

လိပ်ခဲတည်းလည်း အခြေအနေကို အဆုံးသတ်စေရန်အတွက် (ဖြစ်ကောင်းဖြစ်နိုင်သည်က) ယူကရိန်း (သို့မဟုတ် ဂျော်ဂျီယာ နှင့် မော်လ်ဒိုဗာ) တို့ကို အဖွဲ့ဝင်များအနေဖြင့် မည်သည့်အခါမှ လက်မခံပါ ဆိုပြီး နေတိုးအုပ်စု၏ ကတိပြုမှုကို ပူတင်က အလိုရှိနေသည်။ ထို့ပြင် ပိုလန်၊ ရိုမေးနီးယားနှင့် ဘူလ်ဂေးရီးယား လို ဝါဆောစာချုပ်အဖွဲ့ဝင်ဟောင်းများကဲ့သို့ နိုင်ငံများမှ နေတိုးအုပ်စု ပြန်လည် ဆုတ်ခွာရေးကို ပူတင်က အလိုရှိနေသည်။ ထို့ပြင် ယူကရိန်းအနေဖြင့် ဒွန်ဘတ်စ်ဒေသအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အနေအထားကို လက်ခံရန်နှင့် (မင့်စ် သဘောတူစာချုပ် တစ်စိတ်တစ်ဒေသအဖြစ်) ခရိုင်းမီးယားကို ပိုင်ဆိုင်ကြောင်း တောင်းဆိုမှုကို လက်လျှော့စေရန် ပူတင်က လိုလားသည်။ ထို့ပြင် ဥရောပ အရှေ့နှင့် တောင်ပိုင်းတွင် အမေရိကန်၏ တာလတ်ပစ် ဒုံးကျည်သစ်များ ဖြန့်ကြက်မှုကို ကန့်သတ် သို့မဟုတ် တားမြစ်ရန် ပူတင်ဘက်က အလိုရှိနေသည်။ ပို၍ ကြီးမားသော ရည်မှန်းချက်က ပူတင်သည် ရုရှ ဩဇာကို ပြန်လည်ထူထောင်ရန်နှင့် ယင်း၏ ပထဝီနိုင်ငံရေးဆိုင်ရာ ပေါက်ရောက်မှုကို ချဲ့ထွင်ရန်အတွက် ဥရောပ၏ “လုံခြုံရေး ဗိသုကာပုံစံ” ကို ပြန်လည် ဒီဇိုင်းဆွဲရန် ပူတင်ဘက်က ဆန္ဒရှိနေသည်။ ယင်း၏ အများစုနှင့်ပတ်သက်ပြီး အမေရိကန်က “နိုး” ဟု ပြောသည်။ ယင်းအတွက်ကြောင့် လက်ရှိအကျပ်အတည်း ဖြစ်ပေါ်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly