ယူကရိန်းကို ရုရှ ကျူးကျော်မှုက ဖြစ်နိုင်ခြေရှိနေဆဲဟု ဂျိုး ဘိုင်ဒင် ပြော 

ယူကရိန်းကို ရုရှ ကျူးကျော်မှုက ဖြစ်နိုင်ခြေရှိနေဆဲဟု ဂျိုး ဘိုင်ဒင် ပြော 
Photo - AFP

ဖေဖော်ဝါရီ ၁၆

ယူကရိန်း အကျပ်အတည်းအား သံခင်းတမန်ခင်းအရ ဖြေရှင်းသွားရေးကို တွန်းအားပေး လုပ်ဆောင်သွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အင်္ဂါနေ့တွင် စိတ်ပိုင်းဖြတ် ပြောဆိုသော်လည်း ရုရှ၏ ကျူးကျော်မှုက ‘အလွန် ဖြစ်နိုင်ခြေများကြောင်း’ နှင့် လက်တုံ့ပြန် ဒဏ်ခတ်ပိတ်ဆို့မှုများကို အသင့်ပြင်ထားပြီးကြောင်း သတိပေးသည်။ 

အင်္ဂါနေ့ အစောပိုင်းက တပ်အချို့ တပ်ရင်း ပြန်ပြီဟု ရုရှက ပြောထားလင့်ကစား အမေရိကန်နှင့် မဟာမိတ်များအနေဖြင့် ယူကရိန်းနယ်စပ်နား တပ်စွဲထားသည့် ရုရှတပ်အင်အား ၁၅၀၀၀၀ ခန့်မှ တပ်အင်အားအချို့ ရုပ်သိမ်းပြီးပြီဆိုခြင်းကို အတည်မပြုရသေးကြောင်း ဂျိုး ဘိုင်ဒင်က ပြောသည်။ 

“ရုရှတပ်တွေဟာ ခြိမ်းခြောက်နိုင်တဲ့ အနေအထားနဲ့ အများအပြား တပ်စွဲ ရှိနေဆဲ ဖြစ်တယ်လို့ အကဲဖြတ်တွေက သုံးသပ်ကြပါတယ်”ဟု ယူကရိန်းအရေးနှင့် ပတ်သက်ပြီး မိန့်ခွန်းတစ်ရပ်၌ ဂျိုး ဘိုင်ဒင်က ဆိုသည်။ 

“ဘယ်လိုပဲ ဖြစ်ဖြစ် အမေရိကန်ကတော့ ပြင်ဆင်ထားတယ်”ဟု သူက ပြောသည်။ 

“ကျွန်တော်တို့ဟာ သံခင်းတမန်ခင်းအတွက် အသင့်ရှိပါတယ်၊ ဒီထက်ပိုပြီးလည်း ယူကရိန်းကို ရုရှ တိုက်ခိုက်ခဲ့ရင် ပြတ်ပြတ်သားသား တုံ့ပြန်ဖို့လည်း အသင့်ရှိထားတယ်၊ ရုရှရဲ့ ယူကရိန်းကို တိုက်ခိုက်နိုင်ခြေက အတော်လေး ဖြစ်နိုင်ခြေ များနေတယ်”ဟု ဂျိုး ဘိုင်ဒင်က ပြင်းထန်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်မည်ဆိုခြင်းကို သတိပေးပြောဆိုသည်။ 

နယ်စပ်တွင် စီစဉ်ထားသော စစ်ရေးလေ့ကျင့်မှုများ ပြီးစီးပြီဖြစ်၍ စစ်သားအချို့နှင့် စက်လက်နက်ကြီးများ အခြေစိုက်စခန်းများသို့ ပြန်လည်ထွက်ခွာပြီဖြစ်ကြောင်း အစောပိုင်း၌ ရုရှကာကွယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။ 

မော်စကိုတွင် ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ် ရှိုးဇ်နှင့် တွေ့ဆုံပြီးနောက်၌ သမ္မတ ဗလာဒီမာ ပူတင်က ရုရှအနေဖြင့် စစ်မက်မလိုလားကြောင်းနှင့် အနောက်အုပ်စုနှင့်အတူ ပြဿနာ ဖြေရှင်းရေးအတွက် စိတ်ဆန္ဒရှိနေကြောင်း ပြောခဲ့သည်။ 

“ကျွန်တော်တို့အနေနဲ့ နောက်ထပ် အတူတကွ ပူးပေါင်းဆောင်ရွက်ရေးအတွက် လုပ်ဆောင်သွားဖို့ အသင့်ပါ၊ စေ့စပ်ရေး လမ်းကြောင်းကနေ သွားဖို့ကိုလည်း ကျွန်တော်တို့ အသင့်ရှိနေပါတယ်”ဟု အိုလက်ဖ် ရှိုးဇ်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပူတင်က ပြောပြီး ‘တပ်များ တစ်စိတ်တစ်ပိုင်း ရုပ်သိမ်းခြင်း’ကိုလည်း အတည်ပြုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required