ယူကရိန်းနှင့် အနောက်အုပ်စု၏ သံတမန်ရေးရာ ပူးပေါင်းအားထုတ်မှုက ရုရှား၏ ကျူးကျော်နိုင်မှုကို ဟန့်တားနိုင်ခဲ့ဟု ကိယက်ဗ် ပြော

ယူကရိန်းနှင့် အနောက်အုပ်စု၏ သံတမန်ရေးရာ ပူးပေါင်းအားထုတ်မှုက ရုရှား၏ ကျူးကျော်နိုင်မှုကို ဟန့်တားနိုင်ခဲ့ဟု ကိယက်ဗ် ပြော
Photo - AFP

ဖေဖေါ်ဝါရီလ ၁၅ ရက်

အနောက်အုပ်စု မဟာမိတ်များနှင့် မိမိတို့၏ သံတမန်ရေးရာ ပူးတွဲကြိုးပမ်းအားထုတ်မှုများက ရုရှား၏ ကျူးကျော်ဝင်ရောက်နိုင်သည့် စိုးရိမ်ပူပန်စရာ အခြေအနေတစ်ရပ်ကို ဟန့်တားနိုင်ခဲ့ကြောင်း ယူကရိန်းက ဖေဖေါ်ဝါရီ ၁၅ ရက်တွင် ပြောသည်။

“ရုရှားဘက်က နောက်ထပ် တိုးမလာစေဖို့အတွက် မိမိတို့နဲ့ မဟာမိတ်တွေ တားဆီးလုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက သတင်းထောက်များကို ပြောသည်။

“ခုဆို ဖေဖေါ်ဝါရီ လလယ်ထဲမှာ ရောက်နေပါပြီ။ သံခင်းတမန်ခင်းပိုင်းကို ဆက်လုပ်နေတာကို ခင်ဗျားတို့ တွေ့ရပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

အရှေ့ဥရောပ၌ နေတိုးအုပ်စု ဩဇာဖြန့်ကြက်မှုနှင့် တစ်ချိန်ချိန်၌ နေတိုးအုပ်စုတွင် ပူးပေါင်းပါဝင်လိုသည့် ယူကရိန်း၏ ရည်မှန်းချက်တို့ကို မော်စကိုက ဆန့်ကျင်ရာကနေ အစပြုဖြစ်ပေါ်ခဲ့သည့် လိပ်ခဲတည်းလည်း အခြေအနေတစ်ရပ်ကို ပြေလည်အောင် ဖြေရှင်းရေး အနောက်အုပ်စုနှင့်အကြား ဆွေးနွေးမှုများ ထပ်မံလုပ်ဆောင်ရန် ရုရှားဘက်က တံခါးဖွင့်ထားပြီးနောက် တစ်ရက်အကြာတွင် ကူလီဘာ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယူကရိန်း နယ်စပ်အနီး စခန်းချထားသည့် ရုရှားစစ်သား ၁၀၀,၀၀၀ ကျော်အနက် တစ်ချို့သည် စစ်ရေးလေ့ကျင့်မှုများ ပြီးဆုံးပြီးနောက် အခြေစိုက်စခန်းသို့ စတင် ပြန်သွားနေပြီဟု ဖေဖေါ်ဝါရီ ၁၅ ရက်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။

ရုရှားသည် ယင်း၏ အနောက်ဘက် အိမ်နီးချင်းနိုင်ငံကို တိုက်ခိုက်မှုတစ်ခု လုပ်ရန် အသင့်ဖြစ်နေပြီဟု အမေရိကန်ထောက်လှမ်းရေးသတင်းများက ထုတ်ဖော်သုံးသပ်ထားမှုများနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ယူကရိန်းတာဝန်ရှိသူများက စုံစမ်းမေးမြန်းထားခဲ့သည်။

သို့ရာတွင် ယူကရိန်း၏ နယ်စပ်တစ်လျောက် တင်းမာမှုများ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်းနှင့် ရုရှားအနေဖြင့် ယင်း၏ ကျန်ရှိနေသော တပ်များကို ပြန်ရုပ်ရန် လိုအပ်နေဆဲဖြစ်ကြောင်း ကူလီဘာက ပြောသည်။

“ကျွန်တော်တို့မှာ စည်းမျဉ်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ ခင်ဗျားအနေနဲ့ နားနဲ့ ကြားတာကိုပဲ မယုံပါနဲ့၊ မျက်စိနဲ့ မြင်တာကိုပဲ ယုံပါ ဆိုတာပဲဖြစ်တယ်။ တပ်တွေ ရုပ်သိမ်းမှုကို ကျွန်တော်တို့ မြင်တဲ့အခါမှပဲ ပဋိပက္ခ အရှိန်လျော့ကျမှုကို ကျွန်တော်တို့ ယုံကြည်မှာဖြစ်တယ်” ဟု ၎င်းက ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required