ယူကရိန်းနယ်စပ်က တပ်အချို့ အခြေစိုက်စခန်းများဆီ ပြန်ပြီဟု ရုရှ ပြော 

ယူကရိန်းနယ်စပ်က တပ်အချို့ အခြေစိုက်စခန်းများဆီ ပြန်ပြီဟု ရုရှ ပြော 
Photo - Google

ဖေဖော်ဝါရီလ ၁၅ ရက်

ယူကရိန်းအနီး နယ်စပ်၌ တပ်စွဲထားသော တပ်အင်အားမှ တပ်ဖွဲ့ဝင်အချို့သည့် ၎င်းတို့၏ အခြေစိုက်စခန်းများသို့ စတင်ပြန်နေကြပြီဖြစ်ကြောင်း ရုရှနိုင်ငံက အင်္ဂါနေ့တွင် ပြောသည်။ 

ယူကရိန်းနယ်စပ်နား ရုရှ၏ တပ်စွဲထားခြင်းကြောင့် ကျူးကျော်လိမ့်မည်ဆိုသော စိုးရိမ်ပူပန်မှုများ ဖြစ်ပွားပေါ်ပေါက်လျက် ရှိနေခြင်းလည်း ဖြစ်သည်။ 

“တောင်ပိုင်းနဲ့ အနောက်ပိုင်းက တပ်ရင်းတွေဟာ ၎င်းတို့ရဲ့ လုပ်ငန်းစဉ်တွေ အပြီးသတ်ပြီဖြစ်တာကြောင့် ရထားနဲ့ ကားလမ်းကနေ ဝန်စည်စလယ်တွေ တင်ဆောင်ပြီး ၎င်းတို့ရဲ့ အခြေစိုက်စခန်းတွေ ရှိရာဆီ ဒီကနေ့မှာ စတင်ပြန်နေကြပြီ ဖြစ်ပါတယ်”ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောခွင့်ရသူတစ်ဦးက ဆိုသည်။ 

ယူကရိန်းအရေး တင်းမာမှုများ ပြေလျော့ရေးအတွက် ဂျမနီဝန်ကြီးချုပ် အိုလက်ဖ် ရှိုးဇ်နှင့် ရုရှသမ္မတ ဗလာဒီမာ ပူတင်တို့ကြား စီစဉ်ထားသည့် တွေ့ဆုံဆွေးနွေးမှု မတိုင်ခင် ရုရှသတင်းဌာနများက ဖော်ပြလာခြင်းပဲ ဖြစ်သည်။ 

ဆိုဗီယက်ဟောင်း ယူကရိန်းနိုင်ငံဝန်းကျင်တွင် ရုရှတပ်အင်အား ၁၀၀၀၀၀ ခန့် တပ်စွဲထားခြင်းကြောင့် ဥရောပခေါင်းဆောင်များနှင့် အမေရိကန်နိုင်ငံတို့အတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေပြီး ယူကရိန်းတွင် ဖြစ်ပွားဆဲ ခွဲထွက်ရေးသမားများ၏ ပဋိပက္ခ အရှိန်မြင့်အောင် ရုရှက တပ်အင်အား စေလွှတ်ခဲ့ပါက ကျယ်ပြန့်သည့် စီးပွားရေးအပြစ်ဒဏ်များ ချမှတ်သွားမည်ဟု သတိပေးထားကြသည်။ 

ယူကရိန်းအနီးနှင့် ဘီလာရုစ်တို့အပါအဝင် ရုရှ၏ စစ်ရေးလေ့ကျင့်မှုများကလည်း တင်းမာမှုကို တိုးပွားစေသည်။ ဘီလာရုစ်၌ ရုရှသည် တပ်အင်အား ၃၀၀၀၀ နီးပါးဖြင့် ဖေဖော်ဝါရီ ၂၀ ရက်အထိ စစ်ရေးလေ့ကျင့်သွားရန် စီစဉ်ထားခြင်းဖြစ်သည်ဟုလည်း အမေရိကန်က ပြောသည်။ 

ယခု သီတင်းပတ် အစောပိုင်း၌ ပူတင်နှင့် တွေ့ဆုံရာတွင် ရုရှကာကွယ်ရေးဝန်ကြီး ဆာဂေး ဆွိုင်ဂူးက ရုရှ၏ စစ်ရေးလေ့ကျင့်မှုအချို့သည် မကြာမီ အပြီးသတ်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ 

 တစ်ချိန်တည်းမှာပင် ယူကရိန်းကာကွယ်ရေးဝန်ကြီးကလည်း ဘီလာရုစ် ကာကွယ်ရေးဝန်ကြီးနှင့် ဆွေးနွေးပြောဆိုခဲ့ပြီး ဘီလာရုစ် ပိုင်နက်မှ ယူကရိန်းကို ခြိမ်းခြောက်မှုများ ရှိလာလိမ့်မည်မဟုတ်ကြောင်းကို အာမခံ ရရှိကြောင်း ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly