ကနေဒါက ယူကရိန်းကို ဒေါ်လာသန်းချီတန်ဖိုးရှိ စစ်လက်နက်များနှင့် ချေးငွေဒေါ်လာသန်း ၅၀၀ ပေးမည်

ကနေဒါက ယူကရိန်းကို ဒေါ်လာသန်းချီတန်ဖိုးရှိ စစ်လက်နက်များနှင့် ချေးငွေဒေါ်လာသန်း ၅၀၀ ပေးမည်
Photo - AP

ဖေဖေါ်ဝါရီ ၁၅

ရုရှား၏ ကျူးကျော်ဝင်ရောက်နိုင်သည့် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသော ယူကရိန်းနိုင်ငံထံ ကနေဒါဒေါ်လာ ၇ ဒသမ ၈ သန်းတန်ဖိုးရှိ စစ်လက်နက်၊ ခဲယမ်းများနှင့် ချေးငွေ ကနေဒါဒေါ်လာ သန်း ၅၀၀ တို့ကို ပေးအပ်သွားမည် ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ဖေဖေါ်ဝါရီ ၁၄ ရက်တွင် ပြောသည်။

ဤမတိုင်မီကလည်း ကနေဒါသည် ယူကရိန်းထံသို့ ချေးငွေ ဒေါ်လာ သန်း ၁၂၀ နှင့် အသက်မသေစေနိုင်သော လက်နက်များကို ပေးအပ်ထားပြီး ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယူကရိန်း အရှေ့ပိုင်းနယ်စပ်နားတွင် ရုရှားတပ်ဖွဲ့များ စုရုံးနေစဉ် ယူကရိန်းကို ကနေဒါက ထောက်ခံထားကြောင်း အခိုင်အမာ ထုတ်ဖော်ရန်အတွက် ပြီးခဲ့သည့် စနေနေ့က ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်စကီးနှင့် စကားပြောဆိုဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ် ထရူးဒိုးက ပြောသည်။

ဒေသတွင် စစ်ပွဲဖြစ်နိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများ ကြီးထွားနေစဉ် ထရူးဒိုးသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က အခြားသော ဥရောပခေါင်းဆောင်များနှင့်လည်း ဆွေးနွေးပြောဆိုမှုများလုပ်ဆောင်ထားသည်။

အသက်သေစေလောက်သည့် လက်နက်များနှင့် ခဲယမ်းကျည်များမှာ ယူကရိန်း၏ အထူးတောင်းဆိုမှုအရ ပေးအပ်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် ယူကရိန်းသည် အမေရိကန်၊ ယူကေ၊ ဘူလ်ဂေးရီးယား၊ ချက် သမ္မတနိုင်ငံ၊ နယ်သာလန်နှင့် ပိုလန် တို့ထံမှလည်း လက်နက်များ ရရှိထားပြီး ဖြစ်ကြောင်း ထရူးဒိုးက ပြောသည်။

ယခုကဲ့သို့ ယူကရိန်းကို ထောက်ကူပံ့ပိုးရသည့် ရည်ရွယ်ချက်က ရုရှား၏ နောက်ထပ် ရန်လိုမှုကို တားဆီးရန်ပင် ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ်က ပြောသည်။

“အခြေအနေက အလျင်အမြန် အရှိန်မြင့်တက်လာနေပါတယ်။ ကျွန်တော်တို့ဟာလည်း ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဖြတ်ထားမှုကို ပြသနေပါတယ်” ဟု ထရူးဒိုးက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသွားခဲ့သည်။

“ယူကရိန်းရဲ့ လွတ်လပ်မှု၊ နယ်မြေ တည်တံ့ခိုင်မြဲမှု၊ အချုပ်အခြာအာဏာ နဲ့ မိမိကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် တို့ကို ကနေဒါဘက်က ဆက်လက် ထောက်ခံသွားမယ် ဆိုတာကို ကနေဒါပြည်သူတွေနဲ့ ကမ္ဘာက သိစေဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required