စစ်ကောင်စီ ပစ်ခတ်ဖမ်းဆီး ထောင်ချထားသည့် အမျိုးသမီး အရေးပေါ် ဆေးကုသရန် လိုအပ်နေ

By ကိုရွှေမြိတ်
15 February 2022
စစ်ကောင်စီ ပစ်ခတ်ဖမ်းဆီး ထောင်ချထားသည့် အမျိုးသမီး အရေးပေါ် ဆေးကုသရန် လိုအပ်နေ

ဖေဖော်ဝါရီ ၁၅

စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခံရသည့် အမျိုးသမီး တစ်ဦး ထားဝယ် အကျဉ်ထောင် အတွင်း အစာအိမ်နှင့် သည်းခြေ ပျက်စီးခဲ့၍ အရေးပေါ် ဆေးကုသရန် လိုအပ်နေကြောင်း ထားဝယ် နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် DPPN က ထုတ်ပြန်သည်။

အသက် ၃၄ နှစ် အရွယ် မခင်ကေခိုင် ဆိုသူသည် သရက်ချောင်းမြို့နယ် ဝင်းကဖော်ကျေးရွာသို့ စစ်ကောင်စီ တပ်များ ဝင်ရောက်စဉ် ရမ်းသန်း ပစ်ခတ်၍ ကျည်ဆန် ထိမှန် ဖမ်းဆီးခံခဲ့ရသူ ဖြစ်ကြောင်း ဆိုသည်။

၎င်းကို ထားဝယ်ထောင်တွင်း တရားရုံးက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က) ၊ ၅၂ (က) တို့ဖြင့် အလုပ်နှင့် ထောင်ဒဏ် ခုနှစ်နှစ် အမိန့်ချခဲ့ကြောင်း DPPN က ဖော်ပြသည်။

သေနတ် ဒဏ်ရာကြောင့် ထားဝယ်ဆေးရုံမှ တစ်ဆင့် စစ်ဆေးရုံတွင် ဆေးကုသပေးခဲ့ပြီး ထားဝယ်ထောင်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ဝမ်းဗိုက် အတွင်းပိုင်း အစာအိမ်နှင့် သည်းခြေ ပျက်စီးသည့် ဝေဒနာ ခံစားနေရကာ အရေးပေါ် ဆေးကုသရန် လိုအပ်နေကြောင်း DPPN တာဝန်ရှိသူက ပြောသည်။

"ထောင်မှာကျွေးတဲ့ အစားအစာတွေနဲ့ ထိရောက်မှု မရှိတဲ့ ဆေးဝါးတွေကြောင့်လည်း ဒဏ်ရာ အခြေအနေ ပိုမိုဆိုးရွား နေတယ်" ဟု ၎င်းကပြောသည်။

ထားဝယ် အကျဉ်းထောင်တွင် ဆေးကုသမှု ခံယူရန် လိုအပ်နေသည့် အမျိုးသမီး သုံးဦး ရှိနေကြောင်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required