ဆောဒေသ ၃ ရက် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးဟု PDF ပြော

ဆောဒေသ ၃ ရက် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးဟု PDF ပြော

ဖေဖော်ဝါရီ ၁၅

မကွေးတိုင်း၊ ဆောမြို့နယ်တွင် စစ်ကြောင်းချီလာသော အာဏာသိမ်း စစ်ကောင်စီတပ်ကို ဆောဒေသ ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းတပ်များက ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်မှုများ ပြုခဲ့ရာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံးရက်ဆက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးကြောင်း ဆော PDF ထံမှ သိရသည်။

တိုက်ပွဲများအတွင်း နောက်ထပ် စစ်ကောင်စီ တပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးခန့် အပြင်းအထန် ဒဏ်ရာရကြောင်း ဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျောက်ထု အမြှောက်တပ်မှ ဆောမြို့ဘက်သို့ ချီတက် ထွက်ခွာလာသည့် စစ်ကား ၁၆ စီး၊ အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကောင်စီ စစ်ကြောင်းကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကံချောင်းတံတားနှင့် ဆောမြို့အကြား ဆော - PDF ပူးပေါင်း မဟာမိတ်တပ်များ ကြားဖြတ်တိုက်ခိုက်ရာ သုံးရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်များ၏ ပြောက်ကျား တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု များပြားခဲ့ပြီး စစ်ကား ၁၆ စီးအနက် လေးစီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆော PDF က ဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အမှတ် (၂၅) ကာကွယ်ရေး ပစ္စည်းထုတ်စက်ရုံ (ကပစ) မှ ထွက်ခွာလာသော စစ်ကောင်စီ စစ်ကြောင်း လမ်းခုလတ်တွင် ဆော PDF တပ်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ သေးသည်။

အဆိုပါ တိုက်ပွဲများ အတွင်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်များဘက်က ထိခိုက်ကျဆုံးသူ မရှိခဲ့ကြောင်း လက်နက်အင်အား မမျှသည့်အတွက် စစ်ကောင်စီ စစ်ကြောင်း ဆောမြို့ပေါ်သို့ မရောက်ရန် တားဆီးနိုင်ခြင်း မရှိခဲ့ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲများတွင် ကျဆုံးသည့် တပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်လေ့ မရှိပေ။

တိုက်ပွဲများအား ဆော PDF ၊ YDF (ဆော၊ ကျောက်ထု) ၊ CDF (ကန်ပလက်)၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ညောင်ရမ်းတပ်ဖွဲ့နှင့် ပေါက် တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required