ရုရှ ကျူးကျော်လာနိုင်သည်ဆိုသော ဖေဖော်ဝါရီ ၁၆ ရက်ကို ‘စည်းလုံးညီညွတ်ခြင်း နေ့’ အဖြစ် ယူကရိန်း ကြေညာ

ရုရှ ကျူးကျော်လာနိုင်သည်ဆိုသော ဖေဖော်ဝါရီ ၁၆ ရက်ကို ‘စည်းလုံးညီညွတ်ခြင်း နေ့’ အဖြစ် ယူကရိန်း ကြေညာ

ဖေဖော်ဝါရီ ၁၅

အနောက်တိုင်းမီဒီယာများတွင် ရုရှ၏ ကျူးကျော်မှု စတင်နိုင်သော နေ့ရက်အဖြစ် ဖော်ပြနေကြသော ဖေဖော်ဝါရီ ၁၆ ရက်၌ ယူကရိန်းပြည်သူများအနေဖြင့် နေအိမ်အဆောက်အအုံများတွင် နိုင်ငံတော်အလံ လွှင်တင်ကြပြီး နိုင်ငံတော် သီချင်းကိုလည်း တစ်ပြိုင်တည်း သီဆိုကြရန် သမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီးက တိုက်တွန်းသည်။

အဆိုပါ နေ့ရက်တွင် ရုရှ တိုက်ခိုက်လာမည်ဟု သမ္မတ ဇယ်လန်းစကီးအနေဖြင့် မခန့်မှန်းထားပါဟု ယူကရိန်းတာဝန်ရှိသူများက ပြောကြသော်လည်း ပြည်ပမီဒီယာသတင်းများက ထင်ကြေးပေးဖော်ပြချက်များကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။ အမေရိကန်နှင့် အခြားသော တာဝန်ရှိသူများကို ကိုးကားပြီး အနောက်မီဒီယာအဖွဲ့အစည်းအချို့သည် ယင်းနေ့ရက်၌ ယူကရိန်းကို ရုရှက တိုက်ခိုက်ရန် အသင့်ဖြစ်လိမ့်မည်ဟု ဖော်ပြနေကြခြင်း ဖြစ်သည်။

“ဖေဖော်ဝါရီ ၁၆ ရက်မှာ တိုက်ခိုက်လာလိမ့်မယ်လို့ သူတို့က ကျွန်တော်တို့ကို ပြောနေတယ်၊ ကျွန်တော်တို့အနေနဲ့ အဲဒီနေ့ကို စည်းလုံးညီညွတ်ခြင်းနေ့ အဖြစ် ပုံဖော်ပြသကြမယ်”ဟု နိုင်ငံသို့ ဗီဒီယိုမှ မိန့်ခွန်းပြောရာ၌ ဇယ်လန်းစကီးက ဆိုသည်။

“စစ်ရေးအရာ စတင် အရေးယူခံရမယ့် နေ့ရက်ဆိုပြီး သူတို့က ကျွန်တော်တို့ကို ခြောက်လှန့်နေကြတာပဲ’ဟု ဇယ်လန်းစကီးက ပြောသည်။ “အဲဒီနေ့ရက်မှာ ကျွန်တော်တို့တွေ နိုင်ငံတော် အလံ လွှင့်ထားကြမယ်၊ အဝါနဲ့ အပြာ ခေါင်းစည်းတွေ စည်းကြမယ်၊ တစ်ကမ္ဘာလုံးကို ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုကို ပြသကြမယ်”ဟု ၎င်းက ဆိုသည်။

ဇယ်လန်းစကီးသည် ရုရှက ယူကရိန်းကို ခြိမ်းခြောက်နေသည်ကို ယူဆလက်ခံထားသော်လည်း တိုက်ခိုက်လာတော့မည် ဆိုခြင်းမျိုးက ယူကရိန်းအပေါ် ရုရှ၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရင်း အနောက်မဟာမိတ်များ၏ ပုံကြီးချဲ့မှုများဖြစ်သည်ဟု ပြောဆိုလာခြင်း ဖြစ်သည်။

ကျူးကျော်လာမည့် နေ့ရက်အဖြစ် မီဒီယာသတင်းများ၏ ဖော်ပြချက်ကို သမ္မတက တုံ့ပြန်ခြင်းပဲ ဖြစ်သည်ဟု ဇယ်လန်းစကီး၏ အကြံပေးတစ်ဦးဖြစ်သည့် မိုင်ခီလို ပိုဒိုယက်ခ်က ပြောသည်။

“မီဒီယာတွေက ဖော်ပြနေတဲ့ ‘ကျူးကျော်မှု စတင်မယ်’ ဆိုတဲ့ နေ့ရက်တွေအပေါ် ဒီကနေ့ ယူကရိန်းပြည်သူတွေက ဘာကြောင့် မယုံကြည်ကြဘူးဆိုတာ နားလည်နိုင်လိမ့်မှာ ဖြစ်တယ်၊ ဒီလိုမျိုး ကျူးကျော်မှု စတင်မယ့် နေ့ရက်ဆိုပြီး ဖော်ပြလာတာမျိုးကို ခုလိုမျိုးပဲ တုံ့ပြန်သွားလိမ့်မှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ဇယ်လန်းစကီး၏ ရုံးက ညွှန်ကြားချက် ထုတ်ပြန်ကာ ယူကရိန်းနိုင်ငံတွင်းရှိ ကျေးရွာများနှင့် မြို့များတွင် ဖေဖော်ဝါရီ ၁၆ ရက်၌ တိုင်းပြည်၏ အလံကို လွှင့်တင်ရန်နှင့် နံနက် ၁၀ နာရီတွင် နိုင်ငံတော်သီချင်း တစ်ပြိုင်တည်း သီဆိုကြရန် တိုက်တွန်းထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required