မြန်မာစာ ဆရာကြီးဦးမြင့်ဇော် (ရွှေတံခါး) ကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချ

မြန်မာစာ ဆရာကြီးဦးမြင့်ဇော် (ရွှေတံခါး) ကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချ

ဖေဖော်ဝါရီလ ၁၄ ရက်

မြန်မာစာ ဆရာကြီး ဦးမြင့်ဇော် (ရွှေတံခါး) ကို အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ဖေဖော်ဝါရီလ ၁၁ ရက်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချခဲ့ကြောင်း စစ်ကောင်စီ အာဘော် MRTV ရုပ်သံက  ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဖော်ပြသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲများတွင် တက်ကြွစွာ ပါဝင်ခဲ့မှု၊ စစ်ကောင်စီက အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားသည့် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်သွယ် ငွေကြေး ထောက်ပံ့မှုများ အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ကြောင်း ဖော်ပြသည်။ 

ဆရာဦးမြင့်ဇော် သည် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် နေအိမ်တွင် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၊ ည ၉ နာရီခွဲက ဇနီးနှင့် သမီးဖြစ်သူတို့နှင့် အတူ စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့ပြီး မြောက်ဥက္ကလာရဲစခန်းမှ တစ်ဆင့် အင်းစိန်ထောင် စစ်ကြောရေးသို့ ပို့ဆောင်ခံရကာ လက်ရှိ COVID-19 ကူးစက်ခံထားရကြောင်း ဇနီးနှင့် သမီးဖြစ်သူတို့ကို ရဲစခန်းက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“အသင်အပြ အရမ်းကောင်းတဲ့ ဆရာ။ ဆရာ မွေးထုတ် ပေးလိုက်တဲ့ မြန်မာစာ ဂုဏ်ထူးရှင်တွေက မရေတွက် နိုင်ဘူး။ အခုလို ဖြစ်သွားတော့ လူတော် တစ်ယောက် ဆုံးရှုံးလိုက်ရသလိုဘဲ။ ဆရာက ထောင်ထဲမှာ နေရမှာ မဟုတ်ဘူး စာသင်ခန်းထဲမှာ ရှိနေရမှာ။ ငါတို့ဆရာကို အခုလို အမိန့်ချလိုက်လို့လည်း လုံးဝ မကျေနပ်ဘူး။ ဆရာက အမှန်တရားဘက်က ရပ်တည်ဖို့ ဘယ်တုန်းကမှ ကြောက်ရွှံ့နေခဲ့တဲ့သူ မဟုတ်ဘူး။ အခုလည်း အမှန်တရားဘက်က ရပ်တည်ခဲ့တယ်။ ဆရာ့တပည့်တွေကတော့ အမြဲဂုဏ်ယူနေမယ်” ဟု ဆရာကြီး ဦးမြင့်ဇော်၏ တပည့်တစ်ဦးက မဇ္ဈိမကို ပြောသည်။

မဟာဝိဇ္ဇာ အငြိမ်းစား လက်ထောက် ကထိက ဖြစ်သည့် ဆရာကြီးဦးမြင့်ဇော် သည် ကိုယ်ပိုင်ကျောင်းနှင့် စာသင်ဝိုင်းများတွင် မြန်မာစာ ဘာသာရပ် သင်ကြားနေသူ ဖြစ်ပြီး မြန်မာစာ ဘာသာရပ် အထောက်အကူပြု စာအုပ်များကို ဦးမြင့်ဇော် (ရွှေတံခါး) အမည်ဖြင့် ရေးသား ထုတ်ဝေခဲ့သည်။

“အခု အမိန့်ချပြီးတော့ အင်းစိန်ထောင်မှာ မထားသေးဘူး။ ကိုဗစ် ဖြစ်နေလို့ မြောက်ဥက္ကလာ ရဲစခန်းမှာ ထားတယ်။ အဲ့မှာ ကွာရန်တင်း ၁၄ ရက်ဝင်ပြီးမှ အင်းစိန်ထောင်ကို ပို့မှာ” ဟု ၎င်း၏ မိတ်ဆွေက ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်အထိ ကျဆုံးသူ ၁၅၄၇ ဦးနှင့် ဖမ်းဆီးခံခဲ့ရသူ ၁၂ဝ၉၈ ဦးဖြစ်ကြောင်း ဖော်ပြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required