ဘိုကလေးမြို့နယ်တွင် Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

13 February 2022
ဘိုကလေးမြို့နယ်တွင် Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ပန်းပဲစုကျေးရွာအုပ်စု၊ ကွင်းချောင်းလေးကျေးရွာရှိ Mytel တာဝါတိုင် ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၂ နာရီ မိနစ် ၃၀ ခန့်တွင် မိုင်းခွဲ ဖျက်ဆီးခံရကြောင်း ဒေသခံထံမှ သိရသည်။

ထိုဖောက်ခွဲမှုကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် ဘိုကလေး ဧရာဗေဒါတပ်ဖွဲ့၊ကျိုက်လတ် ဧရာဗေဒါ တပ်ဖွဲ့နှင့် ဧရာဝတီ လင်းပိုင်တပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဖောက်ခွဲမှုအပြင် တာဝါတိုင် အောက်ခြေရှိ စက်ပစ္စည်းများ အားလုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဧရာဗေဒါတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

"ကျွန်တော်တို့ အဖွဲ့သုံးဖွဲ့ပေါင်းပြီး မိုင်းခွဲတဲ့အပြင် မီးပါရှို့ခဲ့ပါတယ်။ စစ်ခွေး(စစ်ကောင်စီတပ်သား)တွေ လာစစ်တဲ့ အချိန်မှာ မိုင်းထပ်ခွဲဖို့ နောက်တစ်လုံး စီစဉ်ခဲ့ပေမယ့် မပေါက်ကွဲခဲ့ပါဘူး။ စစ်အုပ်စုကို အထောက်အပံ့ ပေးနေတဲ့ အရာတွေကို စစ်အုပ်စု ပြုတ်ကျတဲ့အထိ ဆက်လက် တိုက်ခိုက်သွားမှာပါ"ဟု ၎င်းက ပြောသည်။

ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ရဲသတင်းပေး ဒလန်များကို ရှင်းလင်းသည့် ဖြစ်စဉ်များ၊ သတိပေး မိုင်းဖောက်ခွဲမှုများနှင့် Mytel တာဝါတိုင် မိုင်းခွဲ ဖျက်ဆီးမှုများ ပြုလုပ်ပြီးတိုင်း စစ်ကောင်စီတပ်များနှင့် ရဲများက ဒေသခံ ပြည်သူများအား မတရား စွပ်စွဲ ဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိသဖြင့် သတိထားနေထိုင်ကြရန်လည်း ဧရာဗေဒါတပ်ဖွဲ့ဝင်က ဆိုသည်။

ဖေဖော်ဝါရီလ လဆန်းပိုင်းမှ စတင်ကာ ဧရာဝတီတိုင်းအတွင်း ဘိုကလေးမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ အထောင်မြို့များ၌ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly