ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရ 

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရ 

ဖေဖော်ဝါရီလ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရွှေတောင်ဦးကုန်း (အောင်ဇေယျတပ်ကုန်း) နှင့်ရဲတပ်ရင်း၂၈အကြားနေရာတွင် ဖေဖော်ဝါရီလ ၁၁ရက်နံနက်ပိုင်းအချိန်က စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Yinmarbin Local PDFနှင့် အမိမြေတော်လှန်ရေးအဖွဲ့တို့က ထုတ်ပြန်ထားသည်။ 

ရဲတပ်ရင်း၂၈မှ အောင်ဇေယျတပ်ကုန်းသို့သွားသော စစ်ကောင်စီစစ်ကြောင်းကို မိုင်းနှစ်ကြိမ်ဆွဲကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ 

"ပထမစစ်ကြောင်းကိုမိုင်းဆွဲပြီး စစ်ကူလာတဲ့ခွေး(စစ်ကောင်စီတပ်သား)တွေပါ ထပ်ဆွဲပစ်တာဗျ၊ ၁၄ကောင်လောက်တော့သေနိုင်တယ်"ဟု တိုက်ခိုက်မှုတွင်ပါသည့် ချိုမိုင်မိုင် ယင်းမာပင်ကနီ မဟာမိတ်တပ်ပေါင်းစုအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ရဲတပ်ရင်း၂၈ ဝင်ပေါက်မှ ထွက်လာသည် စစ်ကောင်စီတပ်သား အင်အား ၃၀ခန့်အား ပထမအကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် စစ်ကူလာသော စစ်ကြောင်းကို ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်မှုတွင်ပါသည့် ပြောက်ကျားအဖွဲ့က တာ၀န်ရှိသူက ပြောသည်။ 

အဆိုပါ စစ်ဆင်ရေးကို “စွန်ရဲစစ်ဆင်ရေး”ဟု နာမည်ပေးထားပြီး စစ်ဆင်ရေးအား မြေပြင်အနေအထားကို သေချာလေ့လာပြီး စစ်ဆင်ရေးဗျူဟာဆွဲကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ 

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီမှ ၁၄ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယင်းလုပ်ဆောင်မှုကို "ချိုမိုင်မိုင် ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစု" နှင့်အတူ "အမိမြေ တော်လှန်ရေးအဖွဲ့"၊ "RFF အဖွဲ့"၊ "မိုးသောက်ကြယ်" ပြောက်ကျားအဖွဲ့တို့ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

ယင်းဖြစ်စဥ်အပြီးတွင် စစ်ကောင်စီမှ ရဲတပ်ရင်း၂၈ အနီးရှိ ရွာတစ်ရွာဖြစ်သည့် အောင်မိုးတောပြင်ရွာအား နေ့လယ် ၁၁နာရီဝန်းကျင်အချိန်တွင် မီးရှို့ဖျက်ဆီးကြရာ လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှူံးခဲ့ရသည်။ အဆိုပါရွာမှာ အိမ်ခြေများသော ရွာကြီးတစ်ရွာဖြစ်ပြီး ဒေသခံများရှောင်တိမ်း နေကြရကြောင်း သိရသည်။

ပုံစာ - စစ်ကောင်စီ၏ မီးရှို့ခြင်းကို ခံရသည့် အောင်မိုးတောပြင်ရွာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required