ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသည့် ဝင်းနှင့်ဇော် အမြန်ဆုံးလွတ်မြောက်ရန်အတွက် ဇန်နဝါရီလ ၁၇ ရက်၊ညနေ ၄ နာရီတွင် အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ တောင်မင်းကြီးဘုရားတွင် ဆုတောင်းပွဲ လုပ်သွားမည်ဟု မန္တလေးခရိုင်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက မဇ္ဈိမ ကိုပြောသည်။
အဆိုပါဆုတောင်းပွဲကို မန္တလေးတိုင်းဒေသကြီး တိုင်းရင်သားစည်းလုံးညီညွှတ်ရေးပါတီက ဦးဆောင်ကာ သံဃာတော်များ၊ မန္တလေးမြို့ခံများနှင့်လူမှုပရဟိတအသင်းများကလည်း ပူပေါင်းမှာဖြစ်ပြီး ဆုတောင်းမှုအပြီးတွင် တောင်မင်းကြီးဘုရားမှနေ၍ တောင်သမံအင်း အထိချီတက်ကာ အင်းအတွင်းငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းများနှင့်မိုးပျံဘူဘောင်းများ လွှတ်တင်၍ လည်းဆုတောင်းခြင်း များပြုလုပ်သွားမည်ဟု ဦးခင်မောင်ဝင်းက ဆိုသည်။
"ကျွန်တော်တို့အနေနဲ့က သေဒဏ်ကနေလွတ်မြောက်ဖို့ပဲ။ သူတို့နိုင်ငံမှာရှိနေတဲ့ကျွန်တော်တို့နိုင်ငံသားတွေလည်း မလုံခြုံဘူးဖြစ်နေတယ်။ အလားတူဖြစ်ရပ်မျိုးတွေ ထပ်မပေါ်အောင်လို့၊ မတရားတဲ့အမှုကို မတရားမှန်း ကမ္ဘာကသိအောင် ဆုတောင်းပွဲလုပ်တာပါ။ ဖြစ်စဉ်ပေါ်မူတည်ပြီး လုပ်သင့်လုပ်ထိုက်တာတွေလုပ်မယ်။တတ်နိုင်တဲ့အရာတွေကူညီပေးသွားမယ်။"ဟု ဦးခင်မောင်ဝင်းကပြောသည်။
ထိုသို့ဆုတောင်းပွဲပြုလုပ်ချီတက်ရာတွင် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကျဆင်းမှုအား ပြန်လည်မြှင့်တင်ရန်၊ ထိုင်းနိုင်ငံလိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်အပေးခံရသော မြန်မာနိုင်ငံသားနှစ်ဦး အမှုမှန်အမြန်ဆုံးပေါ် ပေါက်ရန်နှင့်သေဒဏ်မှ အမြန်ဆုံးလွှတ်ပေးရန်စာသားများပါသည့် ဗီနိုင်းများကို ကိုင်ဆောင်အသုံးပြုသွား မည်ဖြစ်သည်။
ဆုတောင်းပွဲအားတရားဝင်ခွင့်ပြုပေးရန်အတွက် အမရပူရမြို့နယ်ရဲတပ်ဖွဲ့တွင် ဇန်နဝါရီလ ၁၂ ရက်က စာတင်ခဲ့ပြီးဇန်နဝါရီလ ၁၇ ရက်နေ့ကို ဆုတောင်းပွဲပြုလုပ်ရန်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။