စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ဟု RCSS ပြော

စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ဟု RCSS ပြော

ဖေဖော်ဝါရီ ၁၁

စစ်ကောင်စီက ဖိတ်ခေါ်ထားသည့် ထာဝရ ငြိမ်းချမ်းရေး အကြိုဆွေးနွေးပွဲကို ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) က တက်ရောက်ရန် အစီအစဉ်မရှိကြောင်း RCSS ၏ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ပြောသည်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်သော ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစီအစဉ်ကို ထည့်သွင်း ထားသည်။

"ပြည်ထောင်စုနေ့က သူက နှစ်ပိုင်းရှိမယ်ခင်ဗျ။ ပထမတစ်ခုက နှစ်ပတ်လည် အခမ်းအနား တစ်ခုရယ်၊ နောက်တစ်ခုကျတော့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ရယ် နှစ်ခု ရှိမယ်ဗျ။ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကျတော့ RCSS အနေနဲ့ တက်ရောက်မှာ မဟုတ်ဘူး။ ၇၅ နှစ်မြောက် အခမ်းအနားကျတော့ RCSS ရဲ့ ထိပ်တန်း ကိုယ်စားလှယ်တွေ တက်ရောက်မှာ မဟုတ်ဘူးဗျ။ ရုံးဝန်ထမ်းအဆင့်၊ ဆက်ဆံရေးရုံးက သူတွေတော့ တက်ရောက်ကောင်း တက်ရောက် လိမ့်မယ်။ အဲ့ဒါကလည်း RCSS ကိုယ်စားပြုတာ မဟုတ်ဘဲ ဆက်ဆံရေးရုံးရဲ့ လုပ်ထုံး လုပ်နည်းအရ သွားတာပဲ ဖြစ်ပါတယ်" ဟု ဗိုလ်မှူးခမ်းစံက ပြောသည်။

RCSS သည် NCA အပစ်ရပ်လက်မှတ် ရေးထိုးထားသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး လက်ရှိ ရှမ်းပြည်နယ် အတွင်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

တရားဝင်မှု၊ ကိုယ်စားပြုမှု၊ အားလုံး ပါဝင်နိုင်မှု နှင့် ကန့်သတ်မှု မရှိဘဲ နိုင်ငံရေးဆွေးနွေးနိုင်မှု စသော အချက်များကြောင့် စစ်တပ်၏ ဖိတ်ခေါ်ချက်ကို လက်မခံရခြင်း ဖြစ်ကြောင်းလည်း ဗိုလ်မှူးခမ်းစံက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required