ဖေဖော်ဝါရီ ၁၁
ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက စင်္ကာပူထွက်မည့် CDM ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံလိုက်ရပြီး လက်ရှိတွင် ပုဒ်မ ၅၀၅(က) ဖြင့်တရားရင်ဆိုင်နေရကြောင်း သိရသည်။
အဆိုပါ CDMဝန်ထမ်းမှာ တောင်ကြီးမြို့ စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ကိုစောနွေဝင်းဆိုသူဖြစ်ပြီး ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁၈ရက်နေ့က ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ၎င်း၏ဖခင် ဦးသိန်းဇော်က အတည်ပြုသည်။
"သူက စင်္ကာပူထွက်ဖို့ကို လေယာဥ်ပေါ်အတက် အဲ့ဒီမှာ အဖမ်းခံလိုက်ရတာ"ဟု ၎င်းကပြောသည်။
လက်ရှိတွင် ကိုစောနွေဝင်းမှာ တောင်ကြီးမြို့ အမှတ် (၂)ရဲစခန်းတွင် ထိန်းသိမ်းခံထားရပြီး ၎င်း၏ သဘောဆန္ဒအရ ရှေ့နေငှားရမ်းထားခြင်းမရှိကြောင်းအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။
"ပြီးခဲ့တဲ့ တစ်ပတ်က မေးကြည့်သေးတယ်၊ အမိန့်တော့ ချတော့မယ်လို့တော့ပြောတယ်၊ ဒါပေမယ့် ရဲနားကိုမေးကြည့်တော့ သူမြန်မြန် ဝန်ခံရင်တော့ မြန်မြန်ပြီးမယ်၊ ဝန်မခံရင်တော့ ကြာမယ် အဲ့ဒီလိုတော့ ပြောတယ်။ ဒါပေမယ့် ဘာတွေ စစ်လဲလို့တော့ မသိဘူးပေါ့"ဟု ၎င်းက ဆိုသည်။
ကိုစောနွေဝင်း၏ မိသားစုမှာ လွိုင်ကော်မြို့ မှုန်ပြာကျေးရွာတွင် နေထိုင်ပြီး စိုက်ပျိုးရေးကိုသာ အဓိကထားလုပ်ကိုင်နေကာ လွိုင်ကော်တွင် တိုက်ပွဲဖြစ်ပွားသည့်အတွက် စစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကိုစောနွေဝင်း အဖမ်းခံရချိန်မှ လက်ရှိအချိန်ထိ သွားရောက်မတွေ့ဆုံနိုင်သေးဘဲ အမှုလိုက်ပါကူညီဆောင်ရွက်ပေးနေသူမှတစ်ဆင့် သတင်းစုံစမ်းနေရကြောင်း ဦးသိန်းဇော်ကပြောသည်။
"သားနဲ့တော့ သွားတွေ့ချင်တယ်။ သွားတွေ့ဖို့ စရိတ်ကမလုံလောက်တော့ ဒီမှာ စစ်ပြေးနေရတယ်ဗျ။ စစ်တအားဖြစ်တော့ စစ်ပြေးပြီး အင်းလေးဒေသဖက်ရောက်နေတယ်ဗျ"ဟု ၎င်းကပြောသည်။
ကိုစောနွေဝင်းသည် တောင်ကြီးတွင် ဝန်ထမ်းအဖြစ် သွားရောက်လုပ်ကိုင်နေသည်မှာ လေးနှစ်ရှိပြီဖြစ်ကာ စစ်တပ်က အာဏာသိမ်းပြီးနောက် CDMဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှု (CDM)တွင် ပါဝင်ခဲ့ကြသည့် အစိုးရဝန်ထမ်းများကို စစ်ကောင်စီက အလုပ်ထုတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအိမ်ရာမှ နှင်ချခြင်းနှင့် NLDအစိုးရလက်ထက်က ချေးပေးခဲ့သည့် ချေးငွေများပြန်လည်တောင်းခံခြင်းတို့ ပြုလုပ်လျက်ရှိသည်။