အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်၌ အကြမ်းဖက်မှုက ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်လာ

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်၌ အကြမ်းဖက်မှုက ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်လာ

အမေရိကန်တပ်ဖွဲ့များ ယမန်နှစ်က ပြန်လည်ထွက်ခွာသွားပြီးနောက်တွင် အာဖဂန်နစ္စတန်နိုင်ငံသည် ယခုအခါ ကမ္ဘာ့ အဓိက အကြမ်းဖက်သမား ဗဟိုချက်နေရာ ဆိုသည့် အန္တရာယ်ကြီးသော အနေအထားတစ်ခုတွင် ရောက်ရှိနေသည်။

အစ္စလမ္မစ်အကြမ်းဖက်ဝါဒအတွက် ယင်းနိုင်ငံတွင် ခိုလှုံရာအကာအကွယ်ရှာတွေ့ခဲ့သလို ယင်းအခြေအနေက ပါကစ္စတန်၊ တရုတ်နှင့် အီရန် အပါအဝင် အိမ်နီးချင်းနိုင်ငံများအပေါ်တွင်လည်း ခြိမ်းခြောက်မှုအဖြစ် ရှိနေသည်။

အာဖဂန်နစ္စတန်၌ တာလီဘန်တို့ ပြန်လည်အာဏာရသွားမှုက ယင်းအခြေအနေကို ခိုင်မာအားကောင်းစေခဲ့ပြီး အယ်လ်ကိုင်ဒါတို့ တစ်ကျော့ပြန် ပြန်ခေတ်ထလာသလို အိုင်အက်စ် (ခိုရာစန်) အဖွဲ့ကလည်း တာလီဘန်တို့ကို ထိပ်တိုက်တွေ့လာနေသည်ဟု Islam Khabar သတင်းဌာနက ဖော်ပြသည်။

ပါကစ္စတန်တာလီဘန်ဟု သိကြသော Tehreek-e-Taliban Pakistan (TTP) အဖွဲ့ထံမှ ပါကစ္စတန်နိုင်ငံ၏ လုံခြုံရေးအပေါ် ဖီဆန်ခြိမ်းခြောက်မှုကို လျော့ပါးစေရန် အာဖဂန်တာလီဘန်တို့က ကြားခံဆောင်ရွက်ပေးနေသည် ဆိုလျင်တောင်မှ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့တွင် အကြမ်းဖက်မှုက ယခင်ထက် ပိုမိုကြီးမားသော ခြိမ်းခြောက်မှုအဖြစ် ဖြစ်ပေါ်နေသည်။

ထို့ပြင် ပါကစ္စတန် မြေတောင်မြှောက်ခဲ့ပြီး လက်ရှိအချိန်၌ တရားဝင် ပိတ်ပင်ခံထားရသော်လည်း အလျင်အမြန် ကြီးထွားလာနေသော လက်ရှ်ကာ အီ တိုင်ဘာ (LeT) နှင့် ဂျိုင့်ရှ်-အီ- မိုဟာမက် (JeM) တို့ကဲ့သို့ သက်တမ်းရင့်အဖွဲ့များ ခိုင်မာအားကောင်းလာမှုကလည်း အကြမ်းဖက်မှုအဝန်းအဝိုင်းကို ဖြည့်စွက်ပေးနေခဲ့သည်။

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့တွင် အကြမ်းဖက်မှုများ မြင့်တက်လာမှုက ထင်ရှားပေါ်လွင်နေပြီး အီရန်၊ တရုတ်နှင့် ဗဟိုအာရှဒေသတို့အပေါ် ယင်း၏ ကူးစက်သက်ရောက်နိုင်မှုနှင့်အတူ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်လာစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly