မဟာအောင်မြေမြို့နယ် သင်္ဂဇာကျောင်းတိုက်မှ ဆရာတော်ကို စစ်ကောင်စီတပ် ညအချိန် ဝင်ရောက်ဖမ်းဆီး 

မဟာအောင်မြေမြို့နယ် သင်္ဂဇာကျောင်းတိုက်မှ ဆရာတော်ကို စစ်ကောင်စီတပ် ညအချိန် ဝင်ရောက်ဖမ်းဆီး 

ဖေဖော်ဝါရီလ ၁၀ ရက်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် သင်္ဂဇာကျောင်းတိုက်ရှိ အသက် ၄၀ ဝန်းကျင်အရွယ် ဆရာတော် ဦးစန္ဒိမာကို အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၉ ရက် ည ၁၂နာရီခန့်တွင် ဝင်ရောက် ဖမ်းဆီးသွားကြောင်း ကျောင်းတိုက်အနီးရှိ ဒေသခံထံမှ သိရသည်။ 

“ မနေ့ညက မြေပြင်သပိတ်က လူငယ် နှစ်ဦးနဲ့ ဓာတ်ပုံရိုက်တဲ့ လူငယ်နှစ်ဦး အဖမ်းခံရပြီး ဦးစန္ဒိမာကို  ည ၁၂ နာရီ ဝန်းကျင်လောက်က ကျောင်းထဲ အတင်းဝင်ပြီး အကြမ်းဖက် ဖမ်းသွားတာ။ သူကိုဖမ်းတဲ့အချိန်မှာ ရိုက်နှက်၊ ထိုးကြိတ်ခံရတာတွေကို ကျောင်းမှာရှိတဲ့ လူတွေ အကုန်မြင်ရတယ်“ ဟု သင်္ဂဇာကျောင်းတိုက်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် မန္တလေးမြို့အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပြင်သပိတ်ကို ဖေဖော်ဝါရီလ ၉ ရက်က ဖြိုခွင်းခဲ့ရာတွင် သပိတ်ဦးဆောင်သူများဖြင့် ကြသည့် ကိုသူရအောင်၊ ကိုဖိုးလုံး(ခ) ရဲဇင်ထွန်း၊ ဓာတ်ပုံရိုက်ကူးသူများဖြစ်ကြသည့် ကိုစိုးလင်းအောင်၊ ကိုလှမျိုးအောင်တို့ကို ဖမ်းဆီးခဲ့သည်။ 

လက်ရှိတွင် ဦးစန္ဒိမာကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို မသိရှိရသေး‌ကြောင်း၊ လက်ရှိအချိန်ထိ အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။ 

သင်္ဂဇာကျောင်းတိုက် ဆရာတော် ဦးစန္ဒိမာ ဖမ်းဆီးခြင်းခံရမှုနှင့် ပတ်သက်ပြီး သံဃသမဂ္ဂ-မန္တလေး  က အကြမ်းဖက် စစ်အုပ်စုရဲ့ လူမဆန်တဲ့  ရုပ်ပိုင်း၊ စိတ်ပိုင်း ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အသက်အန္တရာယ် ထိခိုက်နစ်နာမှုတွေ ခံရမှာကို အလွန်ပဲ စိုးရိမ်နေကြပါတယ်ဟု ဖေဖော်ဝါရီလ ၁၀ ရက် ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ 

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၁ နာရီ ဝန်းကျင်တွင် မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်သို့ ကား ခုနစ်စီးဖြင့် ဝင်ရောက်ကာ ကျောင်းအတွင်းရှိ ဆရာတော်တစ်ပါးကို သွားရောက်ဖမ်းဆီးခဲ့သော်လည်း  လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ 

“သူတို့က ကားခုနစ်စီးနဲ့လာတာ ။ မစိုးရိမ်တိုက်သစ်တံခါးက ပိတ်ထားတာ တံခါးကို ဖျက်ဆီး ကျော်ခွ ပြီး ကျောင်းတိုက်အတွင်း ဆရာတော်တစ်ပါးကို ဝင်ဖမ်းတာ။ အဲဆရာတော်ကတော့ လွတ်သွားတယ်။ ဆရာတော်တွေရဲ့ ဖုန်းတွေကို အကုန်စစ်ဆေးတယ်။ သူတို့က လူမူကွန်ရက်က နာမည်တွေ ပုံတွေနဲ့ လိုက်ရှာဖမ်းတာ“ ဟု မစိုးရိမ်တိုက်သစ်နှင့် နီးစပ်သူက ထပ်မံရှင်းပြသည်။ 

ဖေဖော်ဝါရီလ ၅ ရက် နံနက် ၁၀နာရီခန့်ကလည်း အကြမ်းဖက်စစ်ကောင်စီက ပြည်ကြီးတံခွန်မြို့နယ်ရှိ ဝိဇိတရာမတိုက် တေဇာလင်္ကါရ ကျောင်းသို့ ဝင်ရောက် ရှာဖွေမှုများ လုပ်ဆောင်ခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required