အာဖဂန်တာလီဘန်အတွက် အကူအညီရန်ပုံငွေရှာမည့် ပါကစ္စတန်ဝန်ကြီးချုပ်၏ ကြိုးပမ်းချက် ကန့်ကွက်ခံနေရ

By NDTV
09 February 2022
အာဖဂန်တာလီဘန်အတွက် အကူအညီရန်ပုံငွေရှာမည့် ပါကစ္စတန်ဝန်ကြီးချုပ်၏ ကြိုးပမ်းချက် ကန့်ကွက်ခံနေရ

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းသည် အာဖဂန်နစ္စတန်နိုင်ငံ၏ တာလီဘန်ကြားဖြတ်အစိုးရအတွက် ဘဏ္ဍာငွေကြေးများ မတည်ရှာဖွေပေးရန် မကြာသေးခင်က ကြိုးပမ်းခဲ့သော်လည်း ပါကစ္စတန်ဗဟိုဘဏ် (SBP) ၏ ဆန့်ကျင်တုံ့ပြန်မှုနှင့် တွေ့ကြုံခဲ့သည်။

တာလီဘန်အစိုးရကို ငွေကြေးထောက်ပံ့ပေးခြင်းအားဖြင့်ပါကစ္စတန်အစိုးရအနေဖြင့် နိုင်ငံတကာ အရေးယူဒဏ်ခတ်မှုများကို ဖိတ်ခေါ်ရာ ရောက်နိုင်သည်ဆိုသည့် စိုးရိမ်ပူပန်မှုများ ရှိနေ၍ဖြစ်ကြောင်း Asia Times သတင်းဌာနက ဖော်ပြသည်။

“နာမည်ရ နိုင်ငံတကာအဖွဲ့အစည်းများ” ပါဝင်လုပ်ဆောင်ခြင်းမရှိဘဲ အာဖဂန်အစိုးရထံ ငွေကြေးများ စီးဝင်စေမည့် အာဖဂန်ဆိုင်ရာ ကူညီကယ်ဆယ်ရေးရန်ပုံငွေအတွက် ပြည်တွင်း၊ ပြည်ပ အလှူငွေများ ကောက်ခံခြင်း မပြုရန် SBP က ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီးဌာနကို အကြံပေးခဲ့သည်။

ထိုသို့ ရန်ပုံငွေရှာဖွေခြင်းအားဖြင့် နိုင်ငံတကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု စောင့်ကြည့်အဖွဲ့ FATF ထံမှ ဒဏ်ခတ်အရေးယူမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု SBP က သတိပေးခဲ့ကြောင်း Asia Times သတင်းဌာနက ဖော်ပြသည်။

FATF အဖွဲ့သည် ဖေဖေါ်ဝါရီလထဲတွင် အမျိုးမျိုးသော စံသတ်မှတ်ချက်များအပေါ် အခြေတည်ပြီး ပါကစ္စတန်၏ စွမ်းဆောင်မှုကို သုံးသပ်သွားရန် ရှိနေသည်။

ပါကစ္စတန်သည် ပါရီအခြေစိုက် စောင့်ကြည့်အဖွဲ့၏ “မီးခိုးရောင် စာရင်း” တွင် ၂၀၁၈ ခုနှစ် ဇွန်လနောက်ပိုင်းကတည်းက ပါဝင်နေခဲ့သည်။

လက်ရှိအချိန်အထိ အဆိုပါ မီးခိုးရောင်စာရင်းမှ ဖယ်ရှားခံရစေရေးအတွက် လုပ်ဆောင်ရန် လိုအပ်သည့် အဓိကကျသော FATF ၏ အချက်နှစ်ချက်ကို ပါကစ္စတန်ဘက်က ဖြည့်ဆည်းထားနိုင်ခြင်း မရှိသေးပေ။

FATF တွင် အကြမ်းဖက်သမားများအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည့်ကို တရားစွဲဆိုခြင်းနှင့် ပိုင်ဆိုင်မှုများ သိမ်းဆည်းနိုင်သည်ဆိုသောအချက်လည်း ပါဝင်သည်။

ယင်းသည် ပါကစ္စတန်အစိုးရ၏ အာဖဂန်ဆိုင်ရာ ကူညီကယ်ဆယ်ရေးရန်ပုံငွေ အစီအစဉ်ကို ပါကစ္စတန်ဗဟိုဘဏ်က ပထမဆုံးအကြိမ် ဆန့်ကျင်ရပ်တည်ခြင်း ဖြစ်ကြောင်း Asia Times သတင်းဌာနက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly